နိုဝင်ဘာ၂၃၊၂၀၂၅။မိထက်/People’s Spring
မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့ ချောင်းထဲရေဆင်းကူးသူ အမျိုးသားလေးဦး ရေနစ်ပျောက်ဆုံးနေပြီး ရက်တပတ်ကြာတဲ့ ဒီနေ့(နိုဝင်ဘာ ၂၃ရက်)အထိ ရှာမတွေ့လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်ပါတယ်။
အမျိုးသားလေးဦးဟာ မြဝတီမြို့က ချောင်းဆုံတံတားအောက်မှာ နိုဝင်ဘာ ၁၇ရက်က ရေဆင်းကူးရင်း ရေနစ်ပျောက်ဆုံးသွားတာပါ။
” သူတို့က တခြားနယ်ကလာတဲ့သူတွေလို့ ပြောတယ်။ ဒေသရေမြေကို မကျွမ်းဘူးပေါ့။ ဒီချောင်းက သဲတွေစုပ်ထားတော့ ကြမ်းပြင်က မညီဘဲ လူအရမ်းဆွဲတာလေ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ရေမနစ်ကြသေးခင်မှာ ရေပြိုင်ကူးနေသူ ၄ဦးထဲက ၁ဦးက ဖုန်းကင်မရာနဲ့ ရုပ်သံရိုက်နေခဲ့ပါတယ်။
ရိုက်နေရင်းကနေ တစ်ဦးက ရေနစ်သွားလို့ ဖုန်းပိတ်ပြီး ပြေးဆယ်တာမှာ သူတို့အားလုံး ရေစီးနဲ့မျောပါနစ်မြုပ်သွားတာလို့ ဒေသခံက ပြောပါတယ်။
ဖုန်းကို ကမ်းစပ်ကနေတွေ့တာဖြစ်ပြီး လူတွေကို ရက်ဆက်ရှာခဲ့ကြပေမယ့်မတွေ့လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်ပါတယ်။
” ကယ်ဆယ်ရေးလုပ်လာတာနှစ်၂၅နှစ်ရှိပြီ ဒီလိုအဖြစ်မျိုးမကြုံခဲ့ဖူးဘူး။ရေနစ်ရင်သုံးရက်မကျော်ဘူး ပြန်တွေ့တယ်။ဒီလေးယောက်ရေနစ်တာတော်တော် ထူးဆန်းတယ်။ လေးရက်ရှိပြီ သဲစက်တွေကလည်းစုပ်နေတာအများကြီးဘဲ။ သဲစုပ်ရင်တွင်းဂလှိုင်ဖြစ်တယ်။ သဲတွင်းထဲရောက်နေတာလားမသိတော့ဘူး။ သဲစုပ်စက်အောက်မှာကလည်းဝါနှစ်ပြန်လောက်ရှိတယ်။ သဲကျွင်းထဲရောက်နေတာဘဲဖြစ်မယ်။ ရှာနေတာလဲနေရာအနှံ့ဘဲလေ။ ခုထိမတွေ့သေးဘူး” လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက လူမှုကွန်ရက်မှာ ရေးထားပါတယ်။
















































