နိုဝင်ဘာ ၂၃၊ ၂၀၂၅။ People’s Spring
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) အဖွဲ့တွေက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကောင်စီဝင်အဖြစ်က ယာယီရပ်ဆိုင်းမှု အကြောင်းကြားစာကိုနိုဝင်ဘာ ၁၇ရက်မှာ လက်ခံရရှိခဲ့ကြောင်း NUCCက ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ ကြိုးပမ်းနေတယ်လို့ အသိပေးပါတယ်။
KNPPနဲ့ KNU အဖွဲ့တွေက NUCC ရဲ့ ကောင်စီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းကြောင်း အကြောင်းကြားစာ ရတဲ့နေ့က စပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာညှိနှိုင်းဆောင်ရွက်ဖို့ပြင်ဆင်ခဲ့ကြတာလို့ နိုဝင်ဘာ ၂၂ ရက်မှာအသိပေးတာဖြစ်ပါတယ်။
ယခုကာလဟာ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ ညှိနှိုင်းဖို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်ပြီး NUCC အနေနဲ့ တော်လှန်ရေးကို ရှေးရှုပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ကတိကဝတ်များအရ တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement
KNUနဲ့ KNPP ကောင်စီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းမှုနဲ့ပတ်သက်ပြီး အများပြည်သူရဲ့ စိုးရိမ်ချက်တွေအတွက် အခုလို အသိပေးထုတ်ပြန်တာဖြစ်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းစကားတွေအပေါ် အခြေခံကာ မှားယွင်းတဲ့ အဓိပ္ပါယ်ကောက်ယူမှုတွေနဲ့ သတင်းဖြန့်မှုတွေ မဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး အခုလို အသိပေးထုတ်ပြန်တာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
KNUနဲ့ KNPPတို့ရဲ့အကြောင်းကြားချက်ဟာ “ယာယီရပ်ဆိုင်းကြောင်း”သာဖြစ်ပြီးသတင်းအချို့မှာ ရေးသားဖော်ပြထားသလိုယာယီနှုတ်ထွက်ခြင်းသို့မဟုတ်နှုတ်ထွက်ခြင်းမဟုတ်ကြောင်းလည်း ဆိုထားပါတယ်။
NUCC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းခဲ့တာနဲ့ပတ်သက်ပြီး KNUနဲ့ KNPP ပြောရေးဆိုခွင့်ရှိသူတွေဆီကို သဘောထားမှတ်ချက်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက် မရသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် စုဖွဲ့ခဲ့တဲ့ NUCCမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ၊ ဖက်ဒရယ်ယူနစ်တွေ၊ လူမျိုးအလိုက်အတိုင်ပင်ခံကောင်စီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ သပိတ်ကော်မတီတွေ၊CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ အရပ်ဘက်အဖွဲ့တွေ ပါဝင်ပေမယ့် နောက်ပိုင်းမှာ အဖွဲ့က နှုတ်ထွက်တာ ယာယီရပ်ဆိုင်းတာတွေ ရှိလာတာဖြစ်ပါတယ်။


















































