နိုဝင်ဘာ-၂၃၊၂၀၂၅။မိထက်/People’s Spring
ဧရာဝတီတိုင်းထဲက ရွှေသောင်ယံ နဲ့ သာပေါင်းမြို့နယ်စပ်မှာစစ်တပ် နဲ့ အာရက္ခတပ်တော်(AA) တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ရွှေသောင်ယံမြို့နယ်ထဲက မကျီးစင်ရွာနဲ့ သာပေါင်းမြို့နယ်ထဲကသဲဖြူရွာဘက်မှာ တိုက်ပွဲတွေဖြစ်နေတာလို့ဒေသခံတွေကပြောပါတယ်။
“ အရင်ရက်ကလက်နက်ကြီးပစ်သံတွေကြားရတယ်။အခုရက်ထဲမှာပိုဆိုးလာပါတယ်။သဲဖြူနဲ့မကျီးစင်ဘက်မှာတိုက်ပွဲပြင်းထန်နေတာပါ” လို့ သာပေါင်းမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ရွှေသောင်ယံ၊သာပေါင်းနဲ့ရခိုင်ပြည်နယ်ကဂွမြို့နယ်ဟာ ဆက်စပ်နေပါတယ်။ ၂၀၂၄ ဒီဇင်ဘာလက ဂွမြို့ကို AAကသိမ်းယူပြီးတဲ့နောက်ပိုင်းမှာလည်းရွှေသောင်ယံ၊ သာပေါင်းနဲ့ ဂွမြို့နယ်စပ်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
ရွှေသောင်ယံမြို့နယ်ထဲမှာဆိုရင် ၂၀၂၅ခုနှစ် ဇန်နဝါရီလထဲမှာ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဘောမိ နဲ့ မကျီးစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အိမ်ခြေလေးရာကျော်ရှိတဲ့ ဘောမိရွာကိုစစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာသာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလကစတင်ခဲ့ပြီး တိုက်ပွဲဧရိယာကျယ်ပြန့်လာတဲ့သဘောဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
သာပေါင်းမြို့နယ်၊သာပေါင်းကလေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AAက နိုဝင်ဘာလ၁၁ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။
အဲဒီတိုက်ပွဲတွေမှာတပ်မ (၆၆)လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
သာပေါင်းမြို့နယ်ထဲကတိုက်ပွဲတွေမှာ စစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတချို့ပါဝင် တပ်ဖွဲ့ဝင်အများအပြားထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးမှုတွေရှိနေတဲ့အပြင် ဖမ်းမိတာတွေ၊ အလင်းဝင်တာတွေရှိနေတယ်လို့ သိရပါတယ်။















































