နိုဝင်ဘာ၂၄၊၂၀၂၅။ မေ/People’s Spring
မန္တလေးတိုင်း၊မိုးကုတ်မြို့မှာ စစ်သားတချို့ အရပ်ဝတ်နဲ့ စိမ့်ဝင်လာနေပြီး နိုဝင်ဘာလ၂၉ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်စတင်ဝင်ရောက်မယ်လို့ TNLA တပ်က အသိပေးထားတယ်လို့ ဒေသခံအချို့နဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တပ်ဝင် ရောက်လာချိန်မှာကျည်မဖောက်ဖို့ တော်လှန်ရေးတပ်တွေကို TNLAက အသိပေးပြောကြားထားပြီး မြို့တွင်းမြို့ပြင်မှာTNLA တပ်ဖွဲ့ဝင်တွေတပ်ဖြန့်ထားတာတပတ်ခန့်ရှိပြီလို့ မြို့ပေါ်မှာရှိ နေသူတွေက ပြောပါတယ်။
“ အခုထဲက စိမ့်ဝင်နေပြီ။အရပ်ဝတ်တွေ(စစ်တပ်ဘက်ကသူတွေ) ရောက် နေတယ်။ ထောက်လှမ်းတာတွေ လုပ်နေတာမျိုးရှိတယ်” လို့ မြို့ပေါ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

Public Service Announcement
လာမယ့်နိုဝင်ဘာလ၂၉ ရက်နေ့မှာတော့ စစ်တပ်က မြို့ထဲကိုအတည်တကျဝင်ရောက်မှာဖြစ်ပြီး နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်လမ်းဘက် တွေက ဝင်ရောက်လာမှာလို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။
လက်ရှိမှာ မြို့တွင်းက စတားလင့်ဆိုင် တွေကိုလည်း TNLAတပ်က ပိတ်ခိုင်းတာ တွေရှိပြီး ဝင်ရောက်လာမယ့်စစ်တပ်ကို တိုက်ခိုက်မခံရအောင်လုံခြုံရေးပေးမယ့်အ နေအထားရှိတယ်လို့ မြို့ခံကဆိုပါတယ်။
စစ်တပ်ဝင်လာမယ့်ရက်ကနီးကပ်လာတဲ့အခါ တော်လှန်ရေး တပ်ဖွဲ့တွေအားလုံးနီးပါးလည်း မြို့ထဲကထွက်ခွာနေကြပြီလို့ စုံစမ်းသိရပါတယ်။
မိုးကုတ်မြို့ခံ ပြည်သူအများစုကတော့ စစ်ဘေး ရှောင် နေကြပြီး မြို့တွင်းမှာပြည်သူ ၂၅ရာခိုင်
နှုန်းလောက်ပဲ ကျန်တော့တယ်လို့လည်း ဒေသခံအချို့ကပြော ပါတယ်။
TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မန္တလေးတိုင်းထဲက နာမည်ကျော်ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ၂၀၂၄ ဇူလိုင် ၂၄ ရက်မှာအပြီးသတ်သိမ်းပိုက်ခဲ့ပါတယ် ။
ဒါပေမယ့် တရုတ်အစိုးရက မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ကို ထိုးစစ်တွေရပ်ဖို့ ၂၀၂၄ သြဂုတ်လကစပြီးဖိအားပေးခဲ့ပါတယ်။ဒါကြောင့် MNDAA က ၂၀၂၅ ဧပြီလမှာ လားရှိုးမြို့ကို စစ်တပ်ထံပြန်လွှဲပေးခဲ့ရပါတယ် ။
တရုတ်အစိုးရဖိအားပေးမှုနဲ့ စစ်တပ်ကို တရုတ်ကကူညီမှုကြောင့် TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ တောင်းခမ်းကနေ ၂၀၂၅ နှစ်လည်ပိုင်းမှာဆုတ်ခွာခဲ့ရပါတယ်။အဲဒီနောက်
စစ်တပ်က ၂၀၂၅ သြဂုတ်လကနေ တန်ပြန်ထိုးစစ်ဆင်ပြီး နောင်ချို ၊သီပေါ ၊ကျောက်မဲ မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ၊၂၈ ရက်မှာ တရုတ်အစိုးရရဲ့အစီအစဥ်နဲ့ PSLF/TNLAနဲ့ စစ်တပ်ကိုယ်စားလှယ်တွေတရုတ်နိုင်ငံမှာ ၉ ကြိမ်မြောက်အဖြစ်ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း TNLAက၂၉ ရက် ထုတ်ပြန်ပါတယ်။
PSLF /TNLA ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့အဖွဲ့တို့ဟာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ အပစ်ရပ်စဲရေး သဘောတူခဲ့တာလို့ဖော်ပြပါတယ်။ အောက်တိုဘာ ၂၉ ရက်ကစပြီးနှစ်ဖက်တပ်တွေရောက်နေတဲ့နေရာမှာရပ်ထားဖို့ ၊စစ်တပ်က ဗုံးမကြဲဖို့ ၊ထိုးစစ်ဆင်တာမလုပ်ဖို့ ၊အပစ်အခတ်ရပ်ဖို့စတာတွေသဘောတူခဲ့တယ်လို့ဆိုပါတယ် ။
TNLAက ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDFနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဗျူဟာ၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်
ရေးအဖွဲ့(ပကဖ)၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး အစွမ်းကုန်လုပ်ဆောင်မယ်လို့ ကြေညာခဲ့ကြပါတယ်။
ဒါပေမယ့် TNLA ကတော်လှန်ရေးတပ်တွေကို မိုးကုတ်မြို့ထဲစစ်တပ်ဝင်လာရင် မတိုက်ဖို့ ပြောတာကြောင့် ဒီလကုန် စစ်တပ်ဝင်လာရင် တိုက်မှာမဟုတ်တော့ဘူးလို့ စစ်ရေးရင်းမြစ်အချို့ကပြောပါတယ် ။
မိုးကုတ် ၊မိုးမိတ်မြို့ နောက်ဆုံးအခြေအနေတွေနဲ့ပါတ်သက်ပြီးTNLA ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့်ဆက်သွယ်မရပါဘူး ။
















































