နိုဝင်ဘာ ၂၄၊ ၂၀၂၅။ ပုရစ်/People’s Spring
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာက ပြည်သူတွေနေအိမ် ၆၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေဖြစ်တဲ့ ကစယ်ဒို(သရက်ချောင်း)မြို့နယ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ရက်မှာ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ မင်းဒပ်ရွာက ပြည်သူလူထုနေအိမ်တွေကို မီးရှို့ခဲ့တာလို့ အသိပေးပါတယ်။
“သူတို့က အဓိကရွေးကောက်ပွဲ ပြန်လုပ်နိုင်ဖို့ရယ် ပြီးတော့ပစ်မှတ်ကတော့ ပြည်သူလူထုတွေကို အကြောက်တရားဖြစ်အောင် သူတို့လုပ်တာပဲလေ” လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ရွာတွေကို မီးရှို့တာ စတဲ့ လုပ်ရပ်တွေအပေါ် မှတ်ချက်ပြုပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကုန်ပိုင်းကလည်း သရက်ချောင်းနယ်မြေ လဘရွာက ပြည်သူလူထုနေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၅ရက်မှာ လဘရွာက ပြည်သူတွေရဲ့ နေအိမ် ၄၂လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေအတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို တပ်မဟာ(၄)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေသလို တပ်မဟာ(၄)နယ်မြေအတွင်း တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်စခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ တနင်္သာရီမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းတာ ဒေသတွင်း ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။



















































