နိုဝင်ဘာ-၂၄၊၂၀၂၅။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်မှာ စစ်ကောင်စီတပ်ကို သိမ်းငှက်စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ၃လခန့်အတွင်း တပ်စခန်း ၈ခုနဲ့ ကျေးရွာ ၁၇ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ မော်လိုက်တော်လှန်ရေး အင်အားစုက ထုတ်ပြန်ကြေညာပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေ သီးနှံရိတ်သိမ်းတဲ့ကာလဖြစ်လို့ စစ်ဆင်ရေးရပ်နားလိုက်တယ်လို့လည်း အသိပေးထားပါတယ်။
သိမ်းငှက်စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဩဂုတ်က စတင်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစခန်း ၈ခုနဲ့ ကျေးရွာ၁၇ရွာကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ်၊ခဲယမ်းတွေရရှိခဲ့တယ်လို့ မော်လိုက်တော်လှန်ရေး အင်အားစုက ဒီကနေ့ နိုဝင်ဘာလ ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်သုံ့ပန်း အများအပြားဖမ်းဆီးရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ တောင်သူလယ်သမား တွေ စပါးရိတ်သိမ်းချိန်နဲ့ ပြည်သူတွေ စစ်ဘေးရှောင်ရခြင်း အခက်အခဲတွေကြောင့် အထက်ညွှန်ကြားချက်အရ သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကိုရက်အကန့်သတ်မရှိ ရပ်တန့်ကြောင်း ကြေညာထားပါတယ်။
မော်လိုက်မြို့ပေါ်မှာ ခမရ(၃၆၄) ၊ (၃၆၅)နဲ့ (၃၆၆)တပ်ရင်းတွေရှိပြီး ကျေးရွာတွေကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီတပ်ရင်းတွေမှာ သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။
သိမ်းငှက်စစ်ဆင်ရေးအတွင်း တိုက်ပွဲအပြင်းထန်ဆုံးက ဩဂုတ် ၁၅ ရက်က ဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်အခြေချထားတဲ့ ထော်သာရွာက ပျူစောထီးစခန်းကို မော်လိုက်ခရိုင် တပ်ရင်း ၂၊ ၄ နဲ့ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာ ပျူစောထီး ခေါင်းဆာင် အဲပန် အပါအဝင် ပျူစောထီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
” စစ်ဒေသ(၁)ခွင်မှာတော့ ကိုယ့်ဖက်က မော်လိုက်ခရိုင် အတွင်း ဗျူဟာလမ်းမကြီးကို သိမ်းပိုက်ထိန်းချုပ်နိူင်သွားတယ်။ အဲ့ဒီဂွင်ဆိုရင် စစ်ဒေသဖက်က မလှုပ်ရှား ဖြစ်ခဲ့တာ သေနတ်မပေါက်တာ နှစ်အတော်ကြာခဲ့ပြီ။ မဟာဗျူဟာကျကျ စီမံချက်တွေဆိုတာ ဒီလိုတွေပါပဲ။ မော်လိုက်မြို့ကိုပါ အနီးကပ်ခြိမ်းခြောက်နေနိူင်ပြီဆိုတော့ မြို့ပေါ်ကရန်သူ့ယန္တရားလည်း ပြိုဆင်းနေပြီ” လို့ PDFရဲဘော်တစ်ဦးက မှတ်ချက်ပြုရေးသားထားပါတယ်။



















































