နိုဝင်ဘာ၂၄၊၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်မြောက်ခြမ်းမှာတိုက်ပွဲဖြစ်ပြီး စစ်တပ်စစ်ကြောင်း သေဆုံးထိခိုက်မှုများတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်မနက်ပိုင်းကတည်းက တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်တပ်ကလေကြောင်းကနေ ဂျက်ဖိုက်တာသုံးစီးနဲ့ပစ်ကူရယူခဲ့ရတယ်လို့ဆိုပါတယ်။
“ စိုင်နိုင်ကွေ့က တက်လာတဲ့စစ်ကြောင်းနဲ့ ဖြစ်တာ။တနေကုန် နီးပါးပဲ။ေးဘက်က အထိနာလို့ မနေ့က လေကြောင်းကနေ တောက်လျှောက်ကြဲတယ်။ရဲဘော်တွေ ဘေးကင်းကြတယ်” လို့ မြေပြင်စစ်ရေး အခြေအနေကို သိတဲ့ ဝက်လက်ဒေသခံတဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
လေကြောင်းသတင်းအချက်အလက်တွေအရ ဝက်လက်မြို့နယ်ကျေးသီးကုန်း နဲ့ ပုဏ္ဏားကျေးရွာတဝိုက်ကို နိုဝင်ဘာ ၂၃ရက် မနက် ၁၀ နာရီ ခွဲက စပြီးမွန်းလွဲ ၂ နာရီခွဲဝန်းကျင် အထိ လေကြောင်းကနေ ခြောက်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တာဝန်ခံတွေ သတင်းထုတ်ပြန် ပေးပါလိမ့်မယ်” လို့တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ ဝက်လက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်ကဝက်လက်မြို့နယ်အနောက်ခြမ်းက ရွာသာကြီး ရွာကိုနိုဝင်ဘာလဆန်းက အင်အားရာနဲ့ချီ ဝင်ရောက်တပ်စွဲ ပြီး အနောက်မြောက်ခြမ်းကရွာတွေကိုစစ်ကြောင်းသုံးခု နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်အထိ စိုင်နိုင်လေး၊ ရွှေကျင်၊ လှတော၊ ကျီးကန်၊ ပင်းဇင်း၊ မူးကြီး၊ ထုံးဘို၊ တံတားဦးနဲ့ လိန်ပင် အစရှိတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၇ ရွာကို မီးရှို့ဖျက်ဆီးခံထားရပါတယ်။
အဲဒီရွာတွေက ပြည်သူ ထောင်နဲ့ချီ ထွက်ပြေးနေရပြီး ဒေသခံ ၅၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီး ထားတာရှိတယ်လို့လည်း ဒေသခံအချို့ကပြောတယ်။















































