နိုဝင်ဘာ-၂၄၊၂၀၂၅။ People’s Spring
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာစစ်တပ်နဲ့ သင်္ကန်းဝတ်ဝါသဝရဲ့ပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး အများအပြား သေဆုံးကာ လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီခန့်က ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကနေ ပျဥ်ထောင်ပျူရွာကို ထွက်လာတဲ့ အင်အား ၁၈၀ ခန့်ပါ စစ်တပ်နဲ့ပျူ ပူးပေါင်းစစ်ကြောင်းကိုလမ်းတနေရာမှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က အများအပြား သေဆုံးပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်သွားတယ်လို့ ခင်ဦးပကဖက အသိပေးပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ ရုပ်အလောင်းတွေကို ချန်ထားပြီး ကစဥ့်ကလျားနဲ့ မုံလှရွာထဲ ထွက်ပြေးသွားတယ်လို့ ခင်ဦးပကဖက ဆိုပါတယ်။
အဲဒီစစ်ကြောင်းကနေ ငါးကြင်းမှီး(၁)လက်၊ MA-1(၁၀)လက်၊ MA-2(၃)လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း(၁)လက်၊ MA-3(၃)လက်၊ MA-4(၁)လက်၊ G-3(၄)လက်၊ MAS Sniper(၁)လက်၊ M1-(၅)လက်နဲ့ ဆက်စပ် ကျည် ခဲယမ်း အစုံ၊ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးပကဖက ထုတ်ပြန်ပါတယ်။
စစ်တပ်စစ်ကြောင်းပျက်သွားပြီးစစ်သားအလောင်းအများအပြားကျန်ခဲ့တာကိုလည်း PDF နဲ့ ပကဖ အချို့က ရုပ်သံမှတ်တမ်းတချို့တင်ထားတာမှာတွေ့ရပါတယ် ။
အဲဒီစစ်ကြောင်းကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅)ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ ပူးပေါင်းအင်အားတို့နဲ့ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။
စစ်အုပ်စု အထိနာခဲ့တာကြောင့် မနေ့ ညနေပိုင်းက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပေမယ့် အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီဝါဒ ဖြန့်သူတွေက ခင်ဦးမြို့နယ် ကလုံရွာအနီးတိုက်ပွဲဖြစ်ပွားနေပြီး ကန့်ဘလူတောင်ခြမ်းနဲ့ ခင်ဦးနယ်ရှိ ရန်သူ့တည်နေရာတွေဆီ အင်အားထပ်ဖြည့်ထားတယ်လို့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။
ဒေသတွင်းတော်လှန်ရေးသတင်းတွေကိုဖော်ပြနေတဲ့ Infinity Group ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာကလည်း ဝါသဝစစ်ကြောင်းက ခင်ဦးမြို့နယ်အထိ အလှူအတန်းရက်ရောနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်က ကန့်ဘလူမြို့နယ် ကာဘိုးရွာကနေ ယင်းတိုက်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ တပ်မ-၃၃ လက်အောက်ခံ တပ်ရင်းတွေနဲ့ ပျူစောထီး အင်အား ၁၀၂ ဦးပါ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး အရှင် ၁၅ ဦး နဲ့ သေဆုံးသူ ၅၀ ဝန်းကျင် ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဒီလဆန်းကစလို့ ကန့်ဘလူ–ခင်ဦးအစပ်ကို စစ်တပ်နဲ့ နယ်မြေခံပျူစောထီးပူးပေါင်းပြီး အင်အား ၃၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
စစ်အုပ်စုဟာ အဲဒီဒေသတွေကို လမ်းပန်းဆက်သွယ်ရေးအရရော နယ်မြေပြန်စိုးမိုးရေးအတွက်ပါ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်တချို့က သုံးသပ်ထားပါတယ်။























































