နိုဝင်ဘာ-၂၄၊ ၂၀၂၅။ဇေအောင်/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သားသစ်တစ်ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုက ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ပေါက်နဲ့ မြိုင်မြို့နယ်အစပ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပ်မ(၉၉) လက်အောက်ခံ ခလရ (၄၁၈)တပ်ရင်းက စစ်မှုထမ်းအပတ်စဥ် (၁၅) သင်တန်းဆင်း အသက် ၂၆ နှစ်အရွယ် တပ်သားသစ် ပြည့်စုံဟိန်းဆိုသူဟာ MA1တစ်လက်၊5.56ကျည် ၄၂၀ တောင့်၊ ၄၀ မမ ၆ လုံး၊ MA1ကျည်ဘောက်- ၇ ဘောက်၊အီနာဂါ ၂လုံးနဲ့ လက်ပစ်ဗုံး ၂ လုံးတို့ကို ယူဆောင်လာပြီး အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုက ပြောပါတယ်။
“ သူတို့က စစ်မှုထမ်းဥပဒေနဲ့ နီးရာဓါးကြောက်ရလို့ ဝင်ခဲ့ရပေမဲ့ ယုံကြည်ချက်လည်း မရှိဘူး။ ဒီအပေါ်မှာလည်း ခံယူချက်လည်း မရှိဘူး။ ဒါကြောင့် သူတို့ လစ်တဲ့နေရာမှာ အလစ်အငိုက်ကိုချောင်းပြီး အခွင့်အရေးရတာနဲ့ ဒီဘက်ကိုဘက်ပြောင်းလာတာ” လို့ အညာမြေတပ်ပေါင်းစုက တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

Public Service Announcement
အဲဒီအလင်းဝင်လာတဲ့ တပ်သားကို ကောင်းမွန်စွာစောင့် ရှောက်ထားပြီး သူ့ဆီက စစ်ဆေးချက်တွေဟာ စစ်ရေးအရ အရေးပါတဲ့ အချက်အလက်တွေမို့ ထိန်းသိမ်းထားတယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၆ ရက်ကတည်းက မြိုင်မြို့နယ်၊ စက်မှု (၂)ကနေ ထွက်ခွာလာတာဖြစ်ပြီး မြိုင်နယ်မှာ ရဲဘော် ၂ဦးနဲ့ ပြည်သူ ၆ ဦးထက်မနည်း သတ်ဖြတ်သွားကာ ၇ဦးထက်မနည်း ဖမ်းဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၂၅လုံးထက်မနည်းလည်း မီးရှို့သွားကြောင်း အညာမြေတပ်ပေါင်းစုက ပြောပါတယ်။
မနေ့ကလည်း ခလရ(၄၁၈)နဲ့ ခလရ(၄၁၉)တပ်ရင်းက စစ်မှုထမ်းအပတ်စဉ်(၁၂)က တပ်သား သန့်ဇင်၊တပ်သားတင်ထွန်းနဲ့ အပတ်စဉ်(၁၁)က တပ်သားအောင်မိုးတို့ဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိုင်ပကဖထံ အလင်းဝင်ခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂၂ရက်မှာ စစ်ကောင်စီရဲ့ ပခုက္ကူအခြေစိုက်တပ်မ (၁၀၁)ကနေ ပေါက်မြို့နယ်ကို ဗုံးကြဲပြီးပြန်လာတဲ့ ပါရာမော်တာတစ်စီး ပျက်ကျခဲ့ပါသေးတယ်။ အဲဒီနောက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းပါ စစ်ကောင်စီတပ်ထဲက စစ်မှုထမ်း တပ်သားသစ်တွေ အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။
















































