Connect with us

Hi, what are you looking for?

သတင်း

တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး လုပ်ဆောင်မယ်လို့ MNDAA ထုတ်ပြန်

ကိုးကန့်တပ်မတော်(MNDAA)က ထိန်းချုပ်ဒေသတွေမှာ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်အမဲလိုက်တာကို တားမြစ်လိုက်ပြီး ကျူးလွန်သူတွေကို အပြင်းအထန်အရေးယူမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကိုးကန့်တပ်မတော်(MNDAA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang

နိုဝင်ဘာ-၂၄၊၂၀၂၅။အိမ်သွင်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က ထိန်းချုပ်ဒေသတွေမှာ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်အမဲလိုက်တာကို တားမြစ်လိုက်ပြီး ကျူးလွန်သူတွေကို အပြင်းအထန်အရေးယူမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဂေဟစနစ်ညီမျှမှုနဲ့ ဇီဝမျိုးကွဲတွေ ကာကွယ်ဖို့ တရားမဝင် အမဲလိုက်ခြင်းကို ပြင်းထန်စွာ နှိမ်နင်းမယ်လို့ နိုဝင်ဘာ ၂၃ ရက်ညပိုင်းမှာ ထုတ်ပြန်လာတာပါ။

တော်ရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်ပါက ဖမ်းဆီးရမိတဲ့ တောရိုင်းသားကောင်၊ သေနတ်နဲ့တရားမဝင် အကျိုးအမြတ်တွေကို သိမ်းဆည်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ယွမ်ငွေ ၂၀,၀၀၀ ကနေ ယွမ်၄၀,၀၀၀ အထိ ဒဏ်ကြေးပေးဆောင်စေရမယ်လို့ ဆိုပါတယ်။

တရားမဝင် သေနတ်ကိုင်ဆောင်ပြီးအမဲလိုက်ရင် သေနတ်ကို သိမ်းဆည်းပြီး သေနတ်ကိုင်ဆောင်မှု အခြေအနေအရ ဥပဒေအရတာဝန်ခံစေရမယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် တောရိုင်းတိရစ္ဆာန်တွေနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ရောင်းဝယ်ခြင်း၊ ပို့ဆောင်ခြင်းနဲ့ ချက်ပြုတ်စားသောက်ပါက သက်ဆိုင်ရာ ပစ္စည်းတွေသိမ်းဆည်းခံရမှာဖြစ်ပြီး ၅ ရက်မှ ၇ ရက် အထိအကျဉ်းချမယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းဝယ်ဖောက်ကားတာတွေ ဆိုးရွားနေသလို တိုက်ပွဲတွေကြောင့်လည်း တောရိုင်းတိရစ္ဆာန်တွေရဲ့စားကျက်တွေပျက်စီးမှုတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဝက်ဝံနဲ့ဆင် အပါအဝင်တောရိုင်းတိရစ္ဆာန် ဧရာဝတီတိုင်းဘက်ကို ရောက်ရှိလာခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာကလည်း စစ်ကိုင်းတိုင်း၊ အင်းတို့မြို့မှာ တရားမဝင်သယ်ဆောင်လာတဲ့ ရှားပါးပန်ဒါနီ ၉ကောင်ကို တော်လှန်ရေးတပ်ဖွဲ့တွေကတွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့ပါတယ်။

MNDAAအနေနဲ့ ဒေသတွင်းမှာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းဖို့ဆိုရင် တောရိုင်းတိရစ္ဆာန်တွေကို စားသောက်နေတဲ့ ဒေသအလေ့အထကိုပါ အာရုံစိုက်ရမယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဌာနေတရုတ်တွေ‌ရော၊ တရုတ်ပြည်ဘက်‌မှာရောကတောရိုင်းတိရစ္ဆာန်တွေကို စားသောက်ကြတယ်။ ဒါကြောင့်လည်း ဈေးကွက်က ရှိနေတယ်။ဒါက ပေါ့သေးသေးလုပ်လို့မရဘူး”လို့ သန္နီမြို့မြို့ခံတစ်ဦးက ပြောပါတယ်။

MNDAAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်မှာတွင် အာရက္ခတပ်တော်(AA)၊တအာင်းတပ်မတော်(TNLA)တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် လားရှိုးမြို့ကို ၂၀၂၅ ဧပြီမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။သိန္နီမြို့ကိုလည်း ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လားရှိူးမြို့ ပတ်ဝန်းကျင်က စခန်းတွေလည်း ဆုတ်ခွာဖို့ ဖိအား‌ပေးခံနေရပေမယ့် MNDAA ကတော့ ၎င်းတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ရေး အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ