Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲက စစ်အုပ်ချုပ်မှုပုံစံ ဇာတ်သွင်းပြီး လူထုအကြပ်အတည်းပိုဖြစ် အောင်လုပ်တာ ကြုံရနိုင်ဟု ကရင်နီ KSCC ကောင်စီဝင် သတိပေး

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်သွားပါက ပြည်သူလူထုအပေါ် ရာဇဝတ်မှု ချိုးဖောက်တာတွေ ပိုမိုလုပ်ဆောင်လာမှာ ဖြစ်သလို လူငယ်တွေကိုစစ်သားစုဆောင်းမှု ပိုလုပ်တာ အပါအဝင် ပြည်သူလူထုတွေ အကြပ်အတည်းပိုဖြစ်အောင် လုပ်ဆောင်လာနိုင်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(KSCC) ကောင်စီဝင် မူမာရီယာက သတိပေးပြောပါတယ်။

နိုဝင်ဘာ-၂၄၊ ၂၀၂၅။ ပုရစ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်သွားပါက ပြည်သူလူထုအပေါ် ရာဇဝတ်မှု ချိုးဖောက်တာတွေ ပိုမိုလုပ်ဆောင်လာမှာ ဖြစ်သလို လူငယ်တွေကိုစစ်သားစုဆောင်းမှု ပိုလုပ်တာ အပါအဝင် ပြည်သူလူထုတွေ အကြပ်အတည်းပိုဖြစ်အောင် လုပ်ဆောင်လာနိုင်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(KSCC) ကောင်စီဝင် မူမာရီယာက သတိပေးပြောပါတယ်။

KSCC၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးတဲ့ “အတုအယောင် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုတို့၏ တုံ့ပြန်ဆောင်ရွက်မှု အခြေအနေ”သံလွင်ကမ်ပိန်း စကားဝိုင်း မှာ မူမာရီယာက အခုလို ပြောကြားခဲ့တာပါ။

“အကယ်၍ ရွေးကောက်ပွဲဖြစ်သွားရင် ပြီးမြောက်သွားရင်တော့ သေချာတာ တခုကျတော့ သူတို့က ရာဇဝတ်ချိုးဖောက်မှုတွေ ပြည်သူလူထုအပေါ် ချိုးဖောက်မှုတွေ ပိုပြီးတော့ ပြောင်ပြောင်တင်းတင်းလုပ်လာလိမ့်မယ်။ နောက်တခုကျတော့ အထူးသဖြင့် ကျမတို့ လူငယ်တွေကို စစ်ပွဲတွေမှာ ပိုပြီးတော့ အသုံးချသွားလိမ့်မယ်လို့မြင်တယ်။” လို့ KSCC ကောင်စီဝင် မူမာရီယာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်တပ်က တန်ပြန်ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးမှာ ပေါ်တာဆွဲထားတဲ့ လူငယ်တွေအများကြီး စစ်မြေ ပြင်မှာ အသုံးပြုလာတာ တွေ့ရပြီး ရွေးကောက်ပွဲ ပြီးသွားရင်တော့ ဒီထက်ပိုတဲ့ ဥပဒေတွေ ပြဌာန်းကာ လူငယ် များစွာ စစ်ပွဲအတွင်း တွန်းပို့တာမျိုး စစ်ကောင်စီက လုပ်လာလိမ့်မယ်လို့ မူမာရီယာက ပြောပါတယ်။

စစ်တပ်ရွေးကောက်ပွဲအလွန်မှာ စစ်မှုမထမ်းမနေရ ထက်ပိုတဲ့ ဥပဒေ မျိုးစုံပြဌာန်းပြီး လူထုအကြပ်အတည်းဖြစ်အောင်လုပ်လာ နိုင်ဟု သူမက တိုက်တွန်းပါတယ်။

“နောက်တခုကျတော့ အရင်တုန်းက စစ်အုပ်ချုပ်မှု ပုံစံနဲ့ပဲ ကျမတို့ကို ဇာတ်သွင်းပြီးတော့ ကျမတို့ကို အုပ်ချုပ်သွားလိမ့်မှာဖြစ်တယ်။ သမိုင်းတလျှောက်လုံးမှာလည်း ကျမတို့ကို ဒီပုံစံနဲ့ပဲ လုပ်သွားနေတာဖြစ်တယ်။ ဒါကတော့ ပြောစရာမလိုဘူးဆိုပေမယ့် အားလုံးသိနေကြတဲ့ အကြပ်အတည်းလည်းဖြစ်နေကြတယ်ဆိုတဲ့အပေါ်မှာ ကျမတို့က အဘက်ဘက်က တွန်းလှန်နေရတဲ့ အနေအထားဖြစ်တယ်” လို့လည်း မူမာရီယာက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ စစ်တပ်ကလူထုတွေ အကြပ်အတည်းဖြစ်အောင် ၊ သူတို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ အထမြောက်အောင် လုပ်ဆောင်နေပြီး ရွေးကောက်ပွဲကျင်းပရာဒေသတွေမှာ လူထုတွေ ပြန်လာစေဖို့ စစ်ရှောင်စခန်းတွေကို လေကြောင်း၊လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ပိုလုပ်လာကြောင်း အသိပေးပါတယ်။ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ လူထုတွေ နေလို့မရအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအထမြောက်အောင် အဘက်ဘက်က ဖိအားပေးတာကို စစ်ကောင်စီက ကရင်နီပြည်သာမက တနိုင်ငံလုံးအတိုင်းအတာ ပြုလုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ပေမဲ့ တော်လှန်ရေးအပေါ်မှာ လူထုတွေ နိုင်တဲ့အားနဲ့ အားမလျှော့သေးဘဲ တွန်းလှန်နေကြတာ တောင့်ခံကြတာ၊ ပူးပေါင်းလုပ်ဆောင်နေကြတာ ဆက်ရှိနေတယ်လို့လည်း မူမာရီယာက ပြောပါတယ်။

KNU တာဝန်ရှိသူတဦးဖြစ်တဲ့ စောဆာလားမူက ဆွေးနွေးရာမှာ စစ်တပ်ဟာ ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တပ်မတော်သားတွေရဲ့ အသက်ကို ရင်းပြီး ထိုးကျွေးပြီး နယ်မြေတွေ ပြန်ရဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားပါတယ်။

ရွေးကောက်ပွဲ လုပ်ဖို့ နယ်မြေစိုးမိုးနိုင်ဖို့ လုပ်ရာမှာ ပြည်သူလူထုနေထိုင်ရာသာမက ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေကိုပါ စစ်ကောင်စီက တိုက်ခိုက်နေတာဖြစ်ကြောင်း စောဆာလားမူက ပြောပါတယ်။

စစ်တပ်ရွေးကောက်ပွဲ ကျင်းပပြီးသော်လည်း ပြည်သူတွေလိုလားတောင့်တနေတဲ့ ဒီမိုကေရစီ လမ်းကြောင်းပေါ် ပြန်ရောက်လာမယ်လို့ မထင်သလို ဒီရွေးကောက်ပွဲဟာ တကယ့်စစ်မှန်တဲ့ နိုင်ငံရေးဖြေရှင်းချက်မဟုတ်ဘူးလို့ စောဆာလားမူက ပြောကြားပါတယ်။

စစ်အာဏာသိမ်းမှုကို ကြည့်ပါက လွတ်လပ်မှု၊ တရားမျှတမှု ဘယ်သောအခါမှ မရှိခဲ့ကြောင်းလည်း ပြောပါတယ်။

“တရားမျှတမှုမရှိတဲ့ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒါတကယ့်ကို စစ်တပ်ကို လူသတ်ခွင့်ပေးတဲ့ လိုင်စင်အတွက်သာဖြစ်တယ်” လို့ စောဆာလားမူက ပြောကြားပါတယ်။

KNUဟာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရာမှာ သက်ဆိုင်ရာ KNU ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီနဲ့ မွန်၊ ကရင်နီအပါအဝင် မဟာမိတ် တော်လှန်ရေးအင်အားစု ကိုယ်စားလှယ်တွေပါဝင်တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကျင်းပပြီး လူထုကို အသိပညာပေး တာ၊ အဖွဲ့ရဲ့ သဘောထားတွေဖော်ပြတာစတဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook