နိုဝင်ဘာ-၂၅၊၂၀၂၅။People’s Spring
မြန်မာနိုင်ငံသားတွေကိုယာယီခိုလှုံဖို့ လက်ခံခွင့်ပြုပေးထားတဲ့ ယာယီကာကွယ်ရေး သတ်မှတ်ချက် (TPS) လူဝင်မှုကြီးကြပ်ရေး အစီအစဉ်ကို အဆုံးသတ်မယ်လို့ အမေရိကန် အစိုးရက ကြေညာခဲ့ပါတယ်။
အိမ်ဖြူတော်ကို တကျော့ပြန် ရောက်ရှိလာချိန် ကတည်းက နိုင်ငံတကာ အကူအညီတွေ၊ လူသားချင်း စာနာမှု အထောက်အပံ့တွေကို လျှော့ချနေခဲ့တဲ့ အမေရိကန် သမ္မတထရမ့်ဟာ စစ်ဘေးသင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဆီ ပြန်သွားဖို့ အန္တရာယ် ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် TPS အစီအစဉ်ကိုပါ ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်မှာ TPSနဲ့ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိပါတယ်။
နိုဝင်ဘာ၂၄ရက်နေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာတော့ TPSဟာ ယာယီနေထိုင်ခွင့်မျိုးသာ ဖြစ်ပေမယ့် အဲဒီအစီအစဉ်ကို အသုံးပြုနေသူတွေက အကြိမ်ကြိမ်သက်တမ်းတိုးပြီးအကြာကြီး နေထိုင်နေကြတယ်လို့ ဝေဖန်ထားပါတယ်။ ဒါတင်မကသေးဘဲ TPSဟာ တရားမဝင် ရွှေ့ပြောင်း အခြေချမှုတွေကို အားပေးအားမြှောက်ရာ ရောက်နေတယ်လို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။

Public Service Announcement
အမေရိကန်ဆီ တရားမဝင် နည်းလမ်းတွေနဲ့ ဝင်ရောက်လာသူတချို့ဟာလည်းTPSကနေ ကောင်းကျိုးခံစားခွင့်တွေ ရခဲ့ကြတယ်လို့လည်း ဆိုထားပါတယ်။
ထရမ့်ရဲ့အစိုးရဟာ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ဟေတီ၊ ဟွန်းဒူးရပ်စ်၊ နီပေါ၊ နီကာရာဂွာ၊ ဆီးရီးယား၊ ဆူဒန်နဲ့ ဗင်နီဇွဲလား နိုင်ငံတွေထဲက ထောင်သောင်းချီ များပြားတဲ့ နိုင်ငံသားတွေရဲ့ TPS သတ်မှတ်ချက်တွေကို ပယ်ဖျက်ဖို့လည်း လှုပ်ရှားခဲ့ပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေဖက်ကကာကွယ်ရပ်တည်တဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ အစိုးရရဲ့ လက်ရှိ ကိုင်တွယ် လုပ်ဆောင်မှုတွေဟာ ခေတ်သစ် အမေရိကန် သမိုင်းမှာ ခေတ်နောက်ပြန် အဆွဲဆုံး အားထုတ်မှုတွေထဲက တစ်ခုလို့ ဝေဖန်ကြပါတယ်။
အစိုးရ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားတွေအတွက် TPS ရုပ်သိမ်းမှုဟာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ အသက်ဝင်မယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းမှုအပြီး စစ်တပ်ရဲ့ ရန်လိုမှုတွေကြောင့် နေရပ်ပြန်ဖို့ မလုံခြုံတဲ့ မြန်မာနိုင်ငံသားတွေကို TPSအရ အမေရိကန်မှာ နေထိုင်ခွင့် ပြုခဲ့သလို အကြိမ်ကြိမ် သက်တမ်းတိုးဖို့ ခွင့်ပြုခဲ့ကြောင်း၊ ၅ နှစ်နီးပါး အကြာမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက အတန်အသင့် တိုးတက်လာပြီ ဖြစ်တာကြောင့် အခုအခါ TPSနဲ့ နေထိုင်သူ မြန်မာနိုင်ငံသားတွေ နေရပ်ဆီပြန်ဖို့အချိန်အခါသင့်လာပြီဖြစ်ကြောင်း အမေရိကန်ရဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ပြည်တွင်း လုံခြုံရေး ဝန်ကြီး ခရစ္စတီ နိုအမ်က လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံသားတွေအတွက် TPS သတ်မှတ်ပေးထားမှုဟာ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ဝေဖန်ထားပါတယ်။
အာဏာပိုင်တွေ အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ အသေးစိတ် စစ်ဆေးမှုတွေ လုပ်ရာမှာ TPSကြောင့် အခက်အခဲတွေ ကြုံရသလို အဲဒီ အစီအစဉ်ကို အလွဲသုံးစားလုပ်ပြီး သတ်မှတ်ကာလထက် ပိုမိုနေထိုင်တဲ့ overstayတွေ ရှိလာမှာကို စိုးရိမ်ရတယ်လို့ ပြောပါတယ်။ နောက်ပြီး TPS ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို လှည့်စားလိမ်လည်ထားတယ်လို့ ယုံကြည်ရတဲ့အတွက် စုံစမ်းစစ်ဆေး ခံနေရသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်မှာ TPSနဲ့ နေထိုင်နေသူ မြန်မာနိုင်ငံသား အများစုဟာ ကျောင်းသားတွေဖြစ်ပြီး အတော်များများကအမေရိကန်မှာခိုလှုံခွင့် လျှောက်ထားကြပါတယ်။ TPS ရုပ်သိမ်းမှုစတင် အသက်ဝင်လာမယ့် နောက်ထပ် ရက်ပေါင်း ၆၀ မတိုင်ခင်မှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတာမျိုး နည်းလမ်းတွေကို အသုံးပြုပြီး နေထိုင်ခွင့်ကို သက်တမ်း တိုးမြှင့်ဖို့ ကြိုးစားခွင့် ကျန်နေသေးပေမယ့် မအောင်မြင်ရင်တော့ ကိုယ်တိုင် အမေရိကန်ကနေ ထွက်ခွာရတာ၊ ဒါမှမဟုတ် အာဏာပိုင်တွေက ဖမ်းဆီးပြီး နှင်ထုတ်တာမျိုး အခြေအနေတွေကို ကြုံလာရနိုင်ပါတယ်။
TPSကို ၁၉၉၀ မှာစတင်သတ်မှတ်ပေးခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခတွေ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ တခြား အရေးပေါ် အခြေအနေတွေ ကြုံနေတဲ့ နိုင်ငံတွေရဲ့ နိုင်ငံသားတွေဟာ နေရပ်ပြန်ဖို့ မလုံခြုံသေးတာကြောင့် အမေရိကန်မှာ ယာယီ အလုပ်လုပ်ခွင့်၊ နယ်နှင်ခြင်း ခံရမယ့် အခြေအနေကနေ လွတ်ငြိမ်းခွင့်တွေ ပေးအပ်ထားဖို့ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်ပါတီတွေကညှိနှိုင်း သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
ထရမ့်မတိုင်ခင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ လက်ထက်မှာတော့ TPSကို အများကြီး ချဲ့ထွင်ပြီးကျင့်သုံးစေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှု အပြီးမှာတော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေနဲ့အတူ အမေရိကန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် TPSဟာ ပိုပြီး အရေးပါလာပါတယ်။
အမေရိကန် ဖက်ဒရယ် အစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ TPS အစီအစဉ်နဲ့ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၉၆၉ ဦး ရှိတယ်လို့ သိရပါတယ်။တကယ်လို့အမေရိကန်မှာတရားရုံး တစ်ခုခုက ကြားဝင် တားဆီးတာမျိုး မရှိဘူးဆိုရင် မြန်မာနိုင်ငံသားတွေအတွက် TPSဟာ ဇန်နဝါရီ လကုန်ပိုင်းမှာ အမှန်တကယ် အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
ကိုးကား-CBS


















































