နိုဝင်ဘာ-၂၈၊၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ ဖွဲ့စည်းပုံပျက်တဲ့အထိ တိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ကန့်ဘလူမြို့နယ်ကို ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ ပကဖ တာဝန်ရှိသူတချို့က ပြောပါတယ်။
မနေ့က(နိုဝင်ဘာ ၂၇ ရက်) ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၃၀ ခန့်ပါတဲ့ စစ်ကြောင်းက ခင်ဦးမြို့နယ် မုံလှကျေးရွာမှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်ကို ခေါ်ထုတ်သွားရတာလို့ ဆိုပါတယ်။
“ကန့်ဘလူ ကာဘိုးရွာကို ပြန်ဆုတ်သွားတယ်။လာတဲ့ စစ်ကြောင်းနဲ့ မုံလှတဲ့ခေါ်တဲ့ နှစ်ခုပေါင်း အင်အား ၃၀၀ လောက်ရှိတယ်”လို့ ကန့်ဘလူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကာဘိုးရွာစာသင်ကျောင်းနဲ့ ရွာအတွင်းမှာ နေရာယူထားကြကာ မုံလှရွာဘက်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ကား၃စီးနဲ့ ကန့်ဘလူမြို့ပေါ် ခေါ်ဆောင်သွားတယ်လို့လည်းသိရပါတယ်။
“မုံလှရွာထဲကနေ စစ်ကောင်စီတပ် ပြန်ဆုတ်သွားတာ မှန်ပါတယ်”လို့ ခင်ဦး ပကဖ တာဝန်ရှိသူက အတည်ပြုပါတယ်။
အချက်အလက် အသေးစိတ်ကို မကြာမီ အသိပေးမယ်လို့လည်း ၎င်းက ပြောပါတယ်။
နိုဝင်ဘာ ဒုတိယပတ်ကစပြီး ကန့်ဘလူမြို့နယ် ဘက်ကနေ စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်နဲ့ ခင်ဦးမြို့ရဲ့အနောက်မြောက်ခြမ်းကရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းက မုံလှကျေးရွာမှာ လေးရက်အကြာ ယာယီတပ်အထိုင်ချပြီး ပျဥ်ထောင် (ပျူရွာ)ကို ထွက်လာတဲ့ နိုဝင်ဘာ ၂၃ ရက်မှာ တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ကန့်ဘလူက နည်းဗျူဟာ (၃၃၂) ၊ ခမရ(၁၁၁) ၊ ကန့်ဘလူ ပျူစောထီး စုစုပေါင်း ခန့်မှန်းအင်အား (၁၈၀) ဝန်းကျင်ပါ ပါတယ်။
စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်ကာ၊ရုပ်အလောင်းတွေချန်ထားခဲ့ပြီး ကစဥ့်ကလျား ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မုံလှရွာထဲကို ထွက်ပြေးသွားခဲ့ရပါတယ်။
ထိတွေ့ တိုက်ပွဲမှာ ငါးကြင်းမှီး(၁)လက်၊ MA-1(၁၀)လက်၊ MA-2(၃)လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း(၁)လက်၊ MA-3(၃)လက်၊ MA-4(၁)လက်၊ G-3(၄)လက်၊ MAS Sniper(၁)လက်၊ M1-(၅)လက်နဲ့ ဆက်စပ် ကျည် ခဲယမ်း အစုံ၊ အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်တဲ့နေ့က စစ်ကောင်စီတပ်စစ်ကြောင်းမှာ သေဆုံးတဲ့သူ ၅၀ နဲ့ ၈၀ကြားရှိနိုင်တယ်လို့လည်းခင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ခန့်မှန်းထားပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်က ကျေးရွာ ၂၀ ကျော်မှာရှိတဲ့ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး ရာသီဥတု အအေးဒဏ်၊စားဝတ်နေရေးနဲ့ အခြားအခက်အခဲတွေ ရှိနေတယ်လို့ ခင်ဦးမြို့နယ် စစ်ရှောင်အရေးကူညီသူတွေက အသိပေးပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် ကျေးရွာတွေကို အလျင်စလို မဝင်ရောက်ဖို့ နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ လမ်းညွှန်မှုတွေအတိုင်း ဝင်ရောက်ဖို့ တိုက်တွန်းထားပါတယ်။


















































