မေရီ/People’s Spring/နိုဝင်ဘာ ၂၈၊ ၂၀၂၅
မန္တလေးမြို့မှာ မဲစာရင်းတွေ ထပ်ကပ်ထားပေမဲ့ လာမကြည့်ကြလို့ တအိမ်တက်ဆင်း မဲစာရင်းစစ်ဖို့ စစ်ကောင်စီက စီစဥ်နေပါတယ်။
မန္တလေးမြို့မှာ ယခုနိုဝင်ဘာ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ နှစ် ကြိမ်မြောက် ကပ်ထားခဲ့ကြောင်း၊ ပထမအကြိမ်တုန်းကလိုပဲ လာကြည့်တဲ့သူမရှိကြောင်း မြို့ခံတွေက ပြောပါတယ်။
“ မကြည့်ဘူး။သွားလည်းမသွားဘူး။ မဲလည်းမပေးဘူး။” လို့ ပုသိမ်ကြီးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ရာထူးကို ယူထားတဲ့ ဦးမျိုးအောင်ကတော့ မနေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲ အစည်းအဝေးမှာ မဲစာရင်းတွေကို မြို့နယ်အလိုက် တအိမ်တက်ဆင်း တိုက်ဆိုင် စစ်ဆေးကြဖို့ စီမံချက်ဆွဲထားပြီလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မန္တလေးနေ့စဥ်သတင်းစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့လုပ်ဖို့ကိုလည်း စစ်ကောင်စီဝန်ကြီးချုပ်က သတိပေးခဲ့ပါသေးတယ်။
လာမယ့်ဒီဇင်ဘာမှာလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ရွေးကောက်ပွဲအတွက် အလုပ်လုပ်ပေးနေတဲ့ တောင်ကျောင်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသောင်းဝင်း(ခေါ်)ဦးသန်းဝင်းဟာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
















































