Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်က စစ်ကောင်စီတပ်စွဲထားတဲ့ မူးတိမ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ မူးတိမ်ကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ကနဦးသတင်းရပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ မူးတိမ်ရွာကို တိုက်ခိုက်အပြီး သိမ်းရတဲ့ လက်နက်ခဲယမ်းအချို့နဲ့ တော်လှန်ရေးရဲဘော်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

နိုဝင်ဘာ-၂၈၊၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ မူးတိမ်ကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ကနဦးသတင်းရပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၂၈ရက်) မနက် အစောပိုင်းကတည်းက နှစ်ဖက်ထိ​တွေ့မှု ပြင်းထန်ခဲ့ပြီးတဲ့နောက် ၄နာရီကြာတိုက်ပွဲအပြီး မူးတိမ်ရွာကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်အချို့က ဆိုပါတယ်။

“လေကြောင်းကလည်း တောက်လျှောက်ဗုံးကြဲ နေတယ်။ရှင်းလင်းရေးလည်းမပြတ်သေးလို့ အသေး စိတ်အချက်အလက်တွေကိုတော့ ခဏနေမှ ပြောလို့ရမယ်”လို့ တန့်ဆည်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မူးတိမ်ရွာသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ သေဆုံးမှုရှိပြီး ထွက်ပြေးတဲ့သူများတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့က ကိုပြည်ကျော်စိုးက အတည်ပြုပါတယ်။

“မူးတိမ်က တန့်ဆည်နဲ့ ကန့်ဘလူအစပ်ပေါ့။စကစ တပ်စွဲထားတာတော့ကြာပြီ။ဒီကနေ့ တိုက်ခိုက်မှုမှာ သေဆုံးတဲ့ စကစနဲ့ပျူတွေများတယ်”လို့ သူက လူထုနွေဦးကို ပြောပါတယ်။

မူးတိမ်တိုက်ပွဲနဲ့ပတ်သက်လို့ “နမခ နယ်မြေ တန့်ဆည်နယ်ရှိ မိမိတို့ပြည်သူ့စစ်စခန်းအား နံနက်၄နာရီခန့်မှစ၍ အကဖများမှ လာရောက်တိုက်ခိုက်။တိုက်ပွဲဖြစ်ပွားနေပြီး တပ်မတော်လေမှ ဝေဟင်ပစ်ကူပေးလျှက်ရှိ”ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့်သူအချို့က တယ်လီဂရမ်ကနေ ဖြန့်ဝေထားတာတွေ့ရပါတယ်။

တန့်ဆည်မြို့နယ် အရှေ့မြောက်ခြမ်းကို ဒီကနေ့မနက်ပိုင်းကတည်းက တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဟုမ္မလင်းဘက်ကနေလည်း Y -12 လေယာဥ်တွေနဲ့ ဗုံးဆယ်နဲ့ချီ ကြဲချခဲ့တယ်လို့ လေကြောင်း သတင်းအချက်တွေကနေ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၁၀နာရီက ကန့်ဘလူမြို့နယ်အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်တာ၊အင်အားအပြည့်ပါတဲ့ စစ်ကားတွေနဲ့ တန့်ဆည်မြို့အရှေ့မြောက်ခြမ်းကို ဦးတည်ထွက်လာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေက ပြောပါတယ်။

မကြာသေးမီရက်ပိုင်းတွေက တန့်ဆည်မြို့နဲ့ဆက်စပ်နေတဲ့ ကန့်ဘလူ တောင်ဘက်ခြမ်းနဲ့ ခင်ဦး မြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်း ပျက်တဲ့အထိ တိုက်ခိုက်ခံထားရပါသေးတယ်။

ဆက်စပ်သတင်းများ