Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲတွေအတွင်း စစ်တပ် ဒရုန်းများ KIAပူးပေါင်းတပ်သိမ်းရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဖမ်းယူရရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်တိုက်ပွဲတွေအတွင်း KIAသိမ်းရတဲ့ စစ်တပ် ဒရုန်း။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၂၈၊ ၂၀၂၅။ အိမ်သွင်၊ ပုရစ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဖမ်းယူရရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၂၇ရက် တိုက်ပွဲမှာ စစ်ကောင်စီ ဒရုန်းတစီးကို ဖားကန့်ဒေသအခြေစိုက် KIA တပ်မဟာ(၉) ရဲဘော်တွေက ဆွဲချရယူထားနိုင်တဲ့ အခြေအနေကို ဒေသ သတင်းရင်းမြစ်အချို့က ရုပ်သံမှတ်တမ်းနဲ့ ဖော်ပြလာတာနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က အခုလို ပြောတာပါ။

ဗန်းမော်တိုက်ပွဲရှေ့တန်းရောက် တပ်မဟာ(၉) ရဲဘော်တွေ အနေနဲ့ ပြီးခဲ့တဲ့ ၆လတာအတွင်း စစ်ကောင်စီ ဒရုန်း ၁၉စီး ဖမ်းယူရရှိထားတယ်ဆိုတဲ့ ရေးသားချက်တွေဟာလည်း လက်တွေ့မြေပြင်နဲ့ နီးစပ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အဲဒီထက်မကပါဘူး။ အဲဒါက တပ်မဟာ(၉) အဖွဲ့ရဲ့ ရရှိမှုစာရင်းပါ။ အခြားတပ်မဟာ အဖွဲ့တွေ ရရှိမှုလည်း အများကြီးရှိတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ ဒရုန်းတွေ ဖမ်းယူရရှိနိုင်မှု အခြေအနေကို ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ ဒီဇင်ဘာမှာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ရာ တနှစ်ကြာတဲ့အထိ တိုက်ပွဲတွေ ဆက်ရှိနေတာပါ။ တပ်ရင်းဌာနချုပ်တွေနဲ့ တပ်စခန်းနေရာ အများအပြား လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ ဗန်းမော်မြို့ကို ၂၀၂၅ ဩဂုတ်လဆန်းမှာ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေများစွာ ရေကြောင်းကနေ ဖြည့်တင်းနိုင်ခဲ့တာပါ။ အဲဒီအထဲမှာ ဒရုန်းအများအပြားလည်း ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်လက်နက်အင်အားဖြည့်တင်းထားတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လကစပြီး လေကြောင်း ပစ်ကူနဲ့အတူ ဗန်းမော်မှာ မြေပြင် စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့လို့ တပ်ရင်းဌာနချုပ်အချို့ ပြန်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ KIA ဘက်ကလည်း တန်ပြန်ထိုးစစ်တွေ ပြုလုပ်နေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

ဗန်းမော်အပါအဝင် ကချင်ပြည်နယ်အတွင်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာ ၂၇ရက်မှာ ပြောကြားထားရာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ အသိပေးပါတယ်။

“ဗန်းမော်မြို့ဘက်က စစ်ရေးအခြေအနေကတော့ စစ်ကောင်စီတပ် စစ်ကြောင်းတွေလည်း မိုးမောက်ဘက်ကို တက်သွားတဲ့ ၃မိုင်နေရာဘက်မှာ ပိုပြီးမှ သူတို့ ထိုးစစ်ဆင်တာကို တွေ့ရပါတယ်။ နောက် သုံးမိုင်ကနေ ခလရ(၄၇)တပ်ရင်းဘက်ကိုပေါက်တဲ့ ရပ်ကွက်(၁) မြို့သစ်ပေါ့ အဲဒီလမ်းကြောဘက်မှာလည်း သူတို့ ထိန်းချုပ်နိုင်ဖို့အတွက် အကြီးအကျယ် ထိုးစစ်ဆင်တာတွေ့ရပါတယ်။ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေလည်း သူတို့ ထိုးစစ်ဆင်တဲ့ နေရာတိုင်းမှာခုခံတိုက်ပွဲက နေ့တိုင်းဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက မနေ့က ပြောပြပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းအားပြုပြီး မြေပြင်က အင်အားအလုံးအရင်းနဲ့ တက်လာလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေတာလို့ ပြောပါတယ်။

“တချို့နေရာမှာတော့ ကျနော်တို့လည်း ဆုတ်ပေးတဲ့နေရာ တွေလည်း ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့ အခိုင်အမာ ကျနော်တို့ စခန်းချထားတဲ့နေရာတွေတော့ ဆုတ်တဲ့နေရာမှာ မပါပါဘူး” လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

ဒါ့အပြင် ၀ိုင်းမော် ၊ ဖားကန့်နဲ့ ခေါင်လန်ဖူးဒေသတွေမှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ KIAက အသိပေးပါတယ်။

ဆက်စပ်သတင်းများ