နိုဝင်ဘာ – ၂၈ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ မြ၀တီမြို့တောင်ဘက် မင်းလက်ပံကျေးရွာအနီးမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား ဒီနေ့ (နိုဝင်ဘာ ၂၈)ရက်မှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် နယ်ခြားမြစ် သောင်ရင်းမြစ်ဘေး ရှိ မင်းလက်ပံရွာကို နိုဝင်ဘာ ၂၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူအားယူကာ အင်အားသုံးထိုးစစ်လာခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
“ပွဲကြမ်း(တိုက်ပွဲဖြစ်)နေတယ်၊ မင်းလက်ပံတရုတ်ဆိုက်နားမှာ၊ နောက်တော့ (စစ်တပ်)ပြန်လန်သွားပြီ၊ ခုထိတွေ့တိုက်ပွဲဖြစ်နေဆဲ” လို့ အဲ့ဒီ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
နယ်စပ်မျဉ်းအနီးမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိုင်းဘက်ခြမ်း နယ်စပ်လုံခြုံရေးယူထားတဲ့ ထိုင်းစစ်တပ်က မီးခိုးဗုံး ငါး လုံးခန့် နဲ့ အချက်ပြ ပစ်ခတ်ပြတယ်လို့ လည်းသိရပါတယ်။
တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံတွေလည်း ထွက်ပြေးပုန်းအောင်းနေရသလို ထိုင်းစစ်တပ်ကလည်း မြန်မာဘက်ခြမ်းဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေပြီး လုံခြုံရေးတွေတင်းကျပ်ထားတယ်လို့ ထိုင်းနယ်စပ်သတင်းတွေမှာဖော်ပြထားပါတယ်။
မင်းလက်ပံရွာဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ရဲ့ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က မြ၀တီမြို့တောင်ဘက် မင်းလက်ပံရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNU တို့အကြား တိုက်ပွဲတွေဖြစ်နေချိန် ဗိုလ်မှူးကြီးနိုင်လွင် ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေက စစ်တပ်ဘက်ကနေပြီး KNU တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
DKBA တပ်ဖွဲ့တွေ တပ်စွဲထားပြီး တိုက်ခိုက်တဲ့နေရာကို KNU တပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင် ၂၃၀ ဦး လက်နက်ချခဲ့ပြီး စခန်းကိုလည်း ထိန်းသိမ်းနိုင်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။
အဲဒီနေရာမှာ DKBA ရဲ့အကာအကွယ်ပေးမှုနဲ့ ကျားဖြန့် အလုပ်ရုံ လည်ပတ်နေပြီး ကျားဖြန့်လုပ်သားအင်အား နှစ်ထောင်ခန့်ရှိတာကို စစ်ဆေးတွေ့ရှိရတယ်လို့ KNU ကြေညာချက်ထုတ်ထားပါတယ်။


















































