နိုဝင်ဘာ ၂၈၊ ၂၀၂၅။ ပုရစ်/People’s Spring
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ဒမငယ်နယ်မြေရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ ပူးပေါင်း အထိုင်ချတပ်စခန်းကို အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ (၂)၊ (၄)၊ (၆)၊ (၇) တို့က နိုဝင်ဘာ ၂၇)ရက် ညအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ကစဉ့်ကလျားထွက်ပြေးသွားလို့ တပ်စခန်းကို မီးရှို့ ဖြိုဖျက်ခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေ ဖော်ပြမထားပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။
“အမှတ်(၂) စစ်ဆင်ရေးနယ်မြေမှာ ရှိတဲ့ ပဲခူးတိုင်းစစ်ဌာနအနေနဲ့ကတော့ စစ်ရေးအရှိန်ကို မြှင့်တယ်ဆိုတာထက်ကို ကျနော်တို့ တိုင်းစစ်ဌာနရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ အလျဉ်းသင့်သလို စီမံပြီးဖော်ဆောင်နေတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်ရေးအရှိန်မြှင့်တယ်ဆိုတာထက်ကျနော်တို့ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်းပဲ တဆင့်ချင်းစီလုပ်ဆောင်တဲ့သဘောမျိုးပေါ့” လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ပဲခူးတိုင်းစစ်ဌာနရှိ PDF တပ်ရင်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပဲခူးတိုင်း ပေါင်းတည်မြို့နယ်၊ ကြို့ပင်ကောက်မြို့နယ် နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ် ဂိတ်စခန်းတွေ၊ တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ရက် မနက်က နတ်တလင်းမြို့နယ် ရှားဖြူကုန်းရွာ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ ဆိုင်ကယ်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရခဲ့ပါတယ်။
ပေါင်းတည်မြို့နယ် ပန်းသင်းပင်ကျေးရွာမှာလည်း ဆိုင်ကယ်တွေနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၆ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၁ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကြိုပင်ကောက်မြို့အဝင် စစ်ကောင်စီ ဂိတ်စခန်းကို နိုဝင်ဘာ ၂၃ရက်က တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး နေရာတွင် သေဆုံးကာ လက်နက်တွေသိမ်းရခဲ့ကြောင်း အမှတ်(၂)စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
ပေါင်းတည် မှတ်တိုင်နယ်မြေရဲစခန်းက ကျောက်ကြီးတောင် အထိုင်စခန်းကို အင်အားဖြည့်တဲ့ အင်အား ၃၀ပါ စစ်ကောင်စီ ယာဉ်ကိုလည်း နိုဝင်ဘာ ၂၃ရက်က တိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၂ရက်ကလည်း ဇီးကုန်းမြို့နယ် KTV မှာ သောက်စားမူးရူးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ရဲနဲ့ ပြည်သူ့စစ် ၅ဦး သေဆုံးကာ လက်နက်အချို့ သိမ်းရခဲ့တယ်လို့ အသိပေးထားပါတယ်။
















































