Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်က တော်လှန်ရေးတပ်ဖွဲ့ ၇ဖွဲ့ပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်းအဖြစ်ဖွဲ့စည်း

တော်လှန်ရေးအားကောင်းတဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ ၇ဖွဲ့ပူးပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်းအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။

ဓာတ်ပုံ - မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တချို့ကို တွေ့ရစဉ်

နိုဝင်ဘာ-၂၉၊ ၂၀၂၅။ဇေအောင်/People’s Spring

တော်လှန်ရေးအားကောင်းတဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ ၇ဖွဲ့ပူးပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်းအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။

မြင်းခြံခရိုင်အတွင်း ပြန့်ကြဲနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေက စုစည်းညီညွတ်စွာ စစ်ရေးဖော်ဆောင်နိုင်ဖို့နဲ့ ခရိုင်အတွင်း စစ်အုပ်စုကို တိုက်ခိုက်နိုင်ဖို့၊ ဒေသတွင်းနေပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ထုနဲ့ထည်နဲ့ကာကွယ်နိုင်ဖို့ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်း တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့(နိုဝင်ဘာ ၂၈ရက်)ညမှာ ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။

မြင်းခြံခရိုင်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းမှာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့နယ်တွေက အဖွဲ့တွေဖြစ်တဲ့ Natogyi People Defence Force-NPDF၊ Taung Tha People Defence Force-TTA PDF၊ Natogyi Guerrilla Force-NGF၊ Myingyan Black Tiger-MBT၊ Onemore Column၊Ngazun PDF၊ ငါန်းဇွန်မီးနဂါး တပ်ဖွဲ့၊အားမာန်သစ် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ ဘာတွေပိုကောင်းလာနိုင်လဲဆိုတော့ စည်းလုံးမှုနဲ့သွားတာကတော့အားလုံးနီးပါးကောင်းလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ စစ်ရေးကော ၊ နိုင်ငံရေးကော ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးကော အကောင်းဆုံး ကြိုးစားသွားမှာပါ။” လို့ အထူးလှုပ်ရှားစစ်ကြောင်းမှာပါတဲ့ Myingyan Black Tiger-MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အထက်ပါတပ်ရင်း၊တပ်ဖွဲ့တွေထဲက ရဲဘော်တွေကို စုဖွဲ့လေ့ကျင့်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေလည်း ပြီးမြောက်ခဲ့ပြီး လက်ရှိ ကြေညာချက်ထုတ်ချိန်ကစကာ ခရိုင်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်တွေဆီမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်သွားမှာဖြစ်တယ်လို့ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းက အသိပေးပါတယ်။

အလားတူ ခရိုင်အတွင်းစစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ညီအကိုစိတ်၊ ရဲဘော်ရဲဘက်စိတ်နဲ့ ပူးပေါင်းတိုက်ခိုက်လိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်း မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းက ကြိုဆိုနေတယ်လို့ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းက ထပ်မံအသိပေးထားပါတယ်။

ပါဝင်တဲ့ အဖွဲ့တွေကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

နွေဦးတော်လှန်ရေးမှာ မြင်းခြံခရိုင်ဟာ အာဏာသိမ်းစစ်တပ်ကို အစောဆုံးလက်နက်ကိုင်တော်လှန်ခဲ့တဲ့ ဒေသတွေထဲ ပါဝင်ပြီး မြို့သိမ်းတိုက်ပွဲတွေအထိ ဖြစ်ပေါ်စေခဲ့တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု၊ စစ်ကြောင်းထိုးမီးရှို့မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ကာလရှည်ကြာ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ