နိုဝင်ဘာ ၂၉၊၂၀၂၅။ ပုရစ်/People’s Spring
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်က ရန်ကင်းကျေးရွာတံတား ကာကင်းဂိတ်စခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၅ဦး လက်နက်တွေ ယူလာပြီး အလင်းဝင်လာကြောင်း တနင်္သာရီတိုင်းဒေသကြီး အခြေပြု တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗထူးတပ်မတော်(BHA)က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ခလရ (၄ဝ၄)တပ်ရင်းက တပ်သားတွေဖြစ်တဲ့ ရဲလွင်မိုး၊ အောင်အောင်၊ ငြိမ်းချမ်းဇော်၊ အောင်ခန့်ဇော်နဲ့ သက်ထွန်းဝေ စတဲ့ ၅ဦးဟာ နိုဝင်ဘာ ၂၇ရက်မှာ လက်နက်ခဲယမ်းတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဗထူးတပ်မတော်ထံ လက်နက်ချ အလင်းဝင်လာတာလို့ အသိပေးပါတယ်။
ဗထူးတပ်မတော်ရဲ့ ဖော်ပြချက်အရ အလင်းဝင်လာသူ စစ်ကောင်စီတပ်သား ၅ဦးအနက် ၄ဦးက ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ပါတယ်။

Public Service Announcement
အလင်းဝင်လာသူတွေက MA-1 (၃)လက် ၊ MA-2 (၁)လက် ၊ MA-4 (၁) လက် စုစုပေါင်း လက်နက် ၅လက်နဲ့ ကျည်ဘောက် (၁၇)ခု ၊ အီနာဂါဗုံးသီး(၂)လုံးနဲ့ ကျည် ၁၁၀၀ကျော် ယူဆောင်လာလို့ ဗထူးတပ်မတော်ကလည်း တပ်သားတဦးလျင် ကျပ်သိန်း ၄၀ စီ ပေးအပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အလင်းဝင်တပ်သားတွေရဲ့သဘောဆန္ဒအတိုင်း ပြည်ပကို သွားရောက်အလုပ်လုပ်နိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဗထူးတပ်မတော်က ဆိုပါတယ်။
“အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကော်မရှင် လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများစွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကော်မရှင်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဝင်ရောက်ကြပါရန် အလေးနက်ထား တိုက်တွန်း လိုက်ပါ သည်” လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ နိုင်ငံရဲ့ နေရာအသီးသီးမှာ ပြုလုပ်နေလို့ ပြည်သူတွေ လေကြောင်းရန် ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။
လက်တလော စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်လာမှု အခြေအနေတွေကို မေးမြန်းဖို့ ဗထူးတပ်မတော် တာဝန်ရှိသူဆီ နိုဝင်ဘာ ၂၈ရက်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ဗထူးတပ်မတော်ဟာ ဒေသတွင်း PDF အပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေဖြူအပါအဝင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
















































