နိုဝင်ဘာ-၂၉၊ ၂၀၂၅။ သတိုး/People’s Spring
ဆွီဒင်နိုင်ငံရဲ့ အမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့အနေနဲ့ စစ်ကောင်စီကို ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ရင်းနှီးမြှုပ်နှံထားတာတွေ ရပ်တန့်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
ဆွီဒင်နိုင်ငံရဲ့ အမျိုးသားပင်စင်ရံပုံငွေအဖွဲ့တွေဖြစ်တဲ့ AP1၊ AP2၊ AP3၊ AP4 နှင့် AP7 တို့က စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီ ၁၂ ခုကို အမေရိကန်ဒေါ်လာ ၄၈၄ သန်းကျော်ရင်းနှီးမြှပ်နှံထားတာကို Swedish Burma Committee၊ Justice For Myanmar နဲ့ Fair Finance Guide တို့က ဖော်ထုတ်နိုင်ခဲ့တာပါ။
“ AP ရံပုံငွေအဖွဲ့များအနေဖြင့် မိမိတို့ ရင်းနှီးမြှပ်နှံထားသော ကုမ္ပဏီများအား စစ်အုပ်စုနှင့် ဆက်နွှယ်မှုများ ဖြတ်တောက်ရန်အတွက် ၄င်းတို့၏ ဩဇာအရှိန်အဝါအသုံးပြုရန်၊ ယင်းကုမ္ပဏီများက လိုက်နာမှုမရှိပါက ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံရာပါပတ်သက်မှုကို ရှောင်ရှားရန်အတွက် ရင်းနှီးမြှပ်နှံမှုများ ရုတ်သိမ်းရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။” လို့ Justice For Myanmar ကတောင်းဆိုထားပါတယ်။

Public Service Announcement
စစ်ကောင်စီအတွက် စစ်လက်နက်တွေ ထောက်ပံ့နေတဲ့ အိန္ဒိယကုမ္ပဏီတွေဖြစ်တဲ့ Bharat Electronics နဲ့Hindustan Aeronautics တွေကို ထောက်ပံ့နေသလို စောင့်ကြည့်ထောက်လှမ်းရေးအတွက် MPT နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ ဂျပန်ကုမ္ပဏီ KDDI နဲ့ Sumitomo တို့ကိုလည်းထောက်ပံ့မှုတွေ ပြုလုပ်နေတာပါ။
စစ်အုပ်စုက တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ခြေရာခံ ဖမ်းဆီးဖို့ အထက်ပါ အချက်အလက်စင်တာမှာ တရုတ်နိုင်ငံထုတ် “အင်တာနက်ပိတ်ဆို့ရေးမဟာရံစနစ်” ဈေးကွက်ဗားရှင်းကို တပ်ဆင်ထားတယ်လို့ JFM ကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေကနေ ဝင်ငွေရနေတဲ့ ထိုင်းကုမ္ပဏီများဖြစ်သည့် PTT နှင့် PTTEP၊ အိန္ဒိယကုမ္ပဏီ GAIL တို့ကိုလည်း AP ရန်ပုံငွေအဖွဲ့တွေကထောက်ပံ့နေတယ်လို့ဆိုပါတယ်။
















































