Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်း ကြေညာ

မန္တလေးဒေသမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုပေးရေးတို့အတွက် ကြားကာလအုပ်ချုပ်ရေးကောင်စီကို နိုဝင်ဘာ ၂၈ရက် မနေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ-၂၉၊ ၂၀၂၅။ People’s Spring

မန္တလေးဒေသမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုပေးရေးတို့အတွက် ကြားကာလအုပ်ချုပ်ရေးကောင်စီကို နိုဝင်ဘာ ၂၈ရက် မနေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)မှာ ဌာနကြီး ၇ ခုရဲ့ဌာနကြီးမှူးတွေ၊ ရှေ့နေချုပ်နဲ့ အတွင်းရေးမှူး စုစုပေါင်း ကောင်စီဝင် ၉ဦးပါဝင်ပါတယ်။

“ဖက်ဒရယ်အရွေ့၊ ဖက်ဒရယ်ပုံစံကို အခုတော်လှန်ရေးကတည်းက သွားနေတဲ့အရွေ့ပေါ့။ ဖက်ဒရယ်စနစ်မှာ အနိမ့်ဆုံးအစိုးရ နှစ်လွှာအနည်းဆုံးရှိရမှာဆိုတော့ အခုက ဒုတိယအလွှာတွေ အပြိုင်းအရိုင်းပေါ်လာနေပြီ၊ ပေါ်လာကြတယ်လို့ ပြောလို့ရတယ်။ မန္တလေးဒေသအတွက် ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးအရွေ့ကို သွားနေတာ ရှိတယ်”လို့ MIGC အတွင်းရေးမှူး ဦးဌေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၈ရက်က မန္တလေးဒေသလွှတ်တော် ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်း၊ မန္တလေးဒေသလွှတ်တော်ရဲ့ ရေးရာကော်မတီတွေဖွဲ့စည်းခြင်း၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့တာပါ။

မနေ့ကပဲ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)ဥက္ကဋ္ဌဖြစ်တဲ့ ဦးမြင့်အောင်မိုးက MIGC ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်းနဲ့ ကောင်စီအဖွဲ့ဝင်တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

MIGC ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးဌာနကြီးမှူးအဖြစ် ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဋ္ဌနဲ့ ကာကွယ်ရေးနှင့်လုံခြုံရေးဌာနကြီးမှူးအဖြစ် ဦးအောင်မျိုးလတ်၊ ရှေ့နေချုပ်အဖြစ် ဒေါ်နွေတမာ၊ ဘဏ္ဍာရေး၊ အခွန်နှင့် သဘာဝသယံဇာတစီမံခန့်ခွဲရေးဌာနကြီးမှူးအဖြစ် ဦးအောင်ဇော်၊ ပညာရေးဌာနကြီးမှူးအဖြစ် ဦးမြင့်၊ လူငယ်၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနကြီးမှူးအဖြစ် ဦးပြည့်စုံအောင်၊ လူသားချင်းစာနာကူညီရေးနှင့် အရေးပေါ်စီမံခန့်ခွဲရေးဌာနကြီးမှူးအဖြစ် ဒေါ်အေးမြင့်အောင်အောင်၊ ကျန်းမာရေးဌာနကြီးမှူးအဖြစ် ဒေါက်တာအောင်ကျော်ဦး၊ အတွင်းရေးမှူးအဖြစ် ဦးဌေးတို့ ဖြစ်ပါတယ်။

မန္တလေးဒေသမှာ လက်ရှိ စစ်ရေးပိုင်း စိန်ခေါ်မှုတွေ တွေ့ကြုံနေရပေမယ့် သိမ်းပိုက်ထားတဲ့နယ်မြေတချို့ရှိတာကြောင့် အဲဒီနယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု(ပညာရေး၊ကျန်းမာရေး၊ လူသားစာနာအကူအညီ)တို့ ပေးနိုင်ရေးရည်ရွယ်ကြောင်း MIGC အတွင်းရေးမှူးက ပြောပါတယ်။

“နယ်မြေတွေ အကုန်လုံးသိမ်းပြီးမှ အုပ်ချုပ်ရေးစမယ်ဆိုတာမျိုး မရဘူးပေါ့။ သိမ်းပြီးတာနဲ့ ချက်ချင်းလုပ်ရတာပေါ့။ မလုပ်ဘူးဆိုရင် အုပ်ချုပ်ရေးလေဟာနယ်၊ အာဏာလေဟာနယ်ဖြစ်သွားတယ်”လို့ အတွင်းရေးမှူး ဦးဌေးက ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေချိန်မှာ တော်လှန်ရေးဘက်လည်း လက်တွေ့အလုပ်လုပ်ပြီး ဖက်ဒရယ်အရွေ့အတွက် လျှောက်လှမ်းကာ စစ်ကောင်စီကို နိုင်ငံရေးနည်းနဲ့ တော်လှန်နေခြင်းလည်း ဖြစ်ကြောင်း MIGC အတွင်းရေးမှူးက ရှင်းပြပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးကြီးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်ရာ မန္တလေးဒေသလွှတ်တော်၊ မန္တလေးဒေသအုပ်ချုပ်ရေးကောင်စီတို့က ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို စတင်အခြေတည် တည်ဆောက်တာဖြစ်လို့ အရေးကြီးတဲ့ နိုင်ငံရေးအရွေ့တစ်ခု ဖြစ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCC Mandalayက ဒီနေ့ သဝဏ်လွှာထုတ်ပြန်ပါတယ်။

မန္တလေးဒေသလွှတ်တော်နဲ့ မန္တလေးဒေသအုပ်ချုပ်ရေးကောင်စီတို့ဟာ နွေဦးတော်လှန်ရေးကြီး အမြန်ပြီးမြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရာမှာ အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေဖို့ ဆုမွန်ကောင်းတောင်းကြောင်းလည်း AFCC Mandalay ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ