နိုဝင်ဘာ-၂၉၊၂၀၂၅။ဇေအောင်/People’s Spring
စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲအပေါ် အသိအမှတ်မပြုခဲ့ကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့လက်အောက်က အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီကနေ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပတ်သက်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပ ပါလီမန် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံအများစုက စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း တရားဝင်ထုတ်ဖော်ခဲ့ကြတဲ့သဘောထားဟာ မြန်မာပြည်သူအများစုရဲ့ ဆန္ဒနဲ့အတူ ရပ်တည်ခြင်းဖြစ်လို့ အလေးအနက် အသိအမှတ်ပြုကြောင်း ဖော်ပြပါတယ်။

Public Service Announcement
ဆက်လက်ပြီး စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ သဘောထားအား အတုအယောင် ရွေးကောက်ပွဲအလွန်ကာလအထိ ခိုင်ခိုင်မြဲမြဲ ဆက်လက်ရပ်တည်ပေးကြဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် ရလဒ်များကိုလည်း အသိအမှတ်မပြုဖို့ အဲဒီကော်မတီကနေ နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် တည်မြဲရေးနဲ့ စစ်ရာဇဝတ်ကောင်များကို သူတို့ကျူးလွန်ခဲ့၊ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေးတို့ကို ရည်ရွယ်ပြီး မြန်မာပြည်သူလူထုအား သေနတ်ထောက်ကျင်းပမယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှ “ စစ်တပ်ကြီးစိုးသည့် ဟန်ပြလွှတ်တော်များ” ပေါ်ထွက်လာမှာ ဖြစ်သကဲ့သို့ လက်ရှိ စစ်အာဏာပိုင်များအား ရွေးကောက်ခံအဖြစ် အမည်ပြောင်းတပ်မဲ့ “ စစ်တပ်ကြီးစိုးသည့် အတုအယောင် အုပ်ချုပ်ရေးအဖွဲ့” ပေါ်ထွက်လာမယ်လို့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက အသိပေးပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်က ကျင်းပမဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုမှန်ကန်စွာ အကဲဖြတ်ပြီး အသိအမှတ် မပြုကြတဲ့ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပ ပါလီမန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာပြည်သူများကိုယ်စား လှိုက်လှုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီ တဖက်သတ်ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေကိုငြင်းပယ်ပြီး တရားဝင်မှုမရှိတဲ့ ရွေးကောက်ပွဲတွေအဖြစ် သတ်မှတ်ကြောင်း ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ဥရောပပါလီမန်က နိုဝင်ဘာ ၂၇ရက်က ကြေညာခဲ့ပါတယ်။
နိုင်ငံတကာအသိအမှတ်ပြုမှုရယူဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီရဲ့အဲဒီတရားမဝင်ရွေးကောက်ပွဲ ရလဒ်တွေကိုလည်း ရှုတ်ချကြောင်းဥရောပပါလီမန်ကဖော်ပြပါတယ်။
ဥရောပပါလီမန်ဟာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ အကြမ်းဖက်မှုအဆုံးသတ်ရေးတို့ကို တောင်းဆိုခဲ့ပါတယ်။ လက်ရှိအခြေအနေကတော့ အကြောက်တရားတွေနဲ့ ဖိနှိပ်မှုတွေအောက်ကနေ ကျင်းပမယ့် ဘယ်လိုရွေးကောက်ပွဲမဆို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ဥရောပပါလီမန်က အလေးပေး ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက် တရားမဝင် အုပ်ချုပ်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဥရောပပါလီမန်က ကြေညာပါတယ်။
စစ်တပ်အနေနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ဒီမိုကရေစီ ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ အရပ်သားအစိုးရကို ချက်ချင်း ပြန်လည်အာဏာအပ်နှင်းဖို့ ဥရောပပါလီမန်က တောင်းဆိုပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်စပ်နိုင်ငံတွေအနေနဲ့ လက်နက်ခဲယမ်းတွေ၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပို့ဆောင်ခြင်းတွေကို ပိတ်ပင်ထားတဲ့ လက်နက်ပိတ်ဆို့မှုကို ဆက်လက်ထားရှိဖို့ ဥရောပပါလီမန်က တိုက်တွန်းပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုကို အမြန်ဆုံး ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ ကျောထောက်နောက်ခံ ပြုနေကြတဲ့ နိုင်ငံတကာ အင်အားစုတွေ အထူးသဖြင့် ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို ပြစ်တင်ရှုတ်ချကြောင်း ဥရောပပါလီမန်က ကြေညာပါတယ်။
အာဏာသိမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိသူများ၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းများနဲ့ လက်နက်ထောက်ပံ့သူတွေအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိဖို့နဲ့ တိုးမြှင့်လုပ်ဆောင်ဖို့ အားပေးထောက်ခံကြောင်း ဥရောပပါလီမန်က ထုတ်ပြန်ပါတယ်။
တဖက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ကို မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒတွေကို ကိုယ်စားပြုတဲ့ တခုတည်းသော တရားဝင် ကိုယ်စားလှယ်တွေအဖြစ် အားပေးထောက်ခံကြောင်း ဥရောပပါလီမန်က ဖော်ပြပါတယ်။
ဥရောပပါလီမန်ဟာ မြန်မာပြည်သူလူထုနဲ့အတူ NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် တရားဝင် ဒီမိုကရေစီကိုယ်စားလှယ်များနဲ့အတူ ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။
















































