နိုဝင်ဘာ-၂၉၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းလေးခုနဲ့ ထိုးစစ်ဆင်နေပြီး နေ့စဥ် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။
“ ဘောလခဲမှာ စစ်တပ်က စစ်ကြောင်းလေးခုနဲ့ ထိုးနေတယ်။ အင်အားကတော့ ၈၀၀ ဝန်းကျင်လို့ကြားထားတယ်။ ဒါပေမဲ့ အတိအကျတော့ မသိနိုင်သေးဘူး။ နေ့တိုင်းလိုလို ထိတွေ့မှုရှိတယ်” လို့ မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ သူတို့ဆုံးရှုံးထားတဲ့ ဘောလခဲမြို့ ပတ်ဝန်းကျင်က စခန်းကုန်းတွေကို ပြန်ရယူဖို့ ကြိုးစားနေတာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက နန်းဖဲကျေးရွာက မဲ့စလောင်းကုန်းမှာ စစ်တပ်က ပြန်ပြီး တပ်စွဲလိုက်တယ်လို့ သိရပါတယ်။

Public Service Announcement
“ မဲ့စလောင်းကုန်းက အခု ဖရူဆိုဘက်ကနေ ဘောလခဲကို လာနေတဲ့ စစ်ကြောင်းအတွက် အရေးပါတယ် ပြောရမယ်။ အဲဒါကြောင့် အသေခံပြီး တိုးတာ။ သေတာမှ အများကြီးပဲလို့ သိထားတယ်။ ပစ(စစ်မှုထမ်း)တွေက အသေခံဖြစ်နေတယ်” လို့ ဘောလခဲမြို့နယ် တိုက်ပွဲအခြေအနေကို သိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်နီတပ်ပေါင်းစုက မဲ့စလောင်း၊ ဝမ်မလန်၊ ရေကျော်၊ ရေနီပေါက်၊ ထူးချောင်း စတဲ့စခန်းတွေကို ၂၀၂၄ နဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းတွေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။
“ ဖရူဆို-ဘောလခဲ လမ်းပေါက်ဖို့ နဲ့ ကျန်တဲ့ ကရင်နီပူးပေါင်းတပ်တွေ သိမ်းထားတဲ့နေရာတွေကိုပါ စစ် ရေးအရ ထုနဲ့ပိတ်ဖို့လုပ်နေတာပေါ့။ အဓိကတော့ ဘောလခဲမှာ ရွေးကောက်ပွဲ ဘေးကင်းပြီး အောင်မြင်ဖို့ အသည်းအသန် ကြိုးစားနေတာ” လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဘောလခဲမြို့မှာ စစ်ကောင်စီရဲ့ အခြေချစစ်ဗျူဟာ ခမရ ၄၂၉၊ ခမရ ၄၃၀ နဲ့ ခလရ ၃၃၇အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက်အောက်ခံတပ်ရင်းအချို့ အားဖြည့်ထားပါတယ်။
ဒါ့အပြင် ဖားဆောင်းမြို့နယ်က စစ်ကောင်စီအတွက် နောက်ဆုံးလက်ကျန်တပ်ဖြစ်တဲ့ ခလရ ၁၃၅ တပ်ကို လေကြောင်းကနေ ခဲယမ်းနဲ့ လူအင်အား ဖြည့်နေတယ်လို့ သိရပါတယ်။
















































