နိုဝင်ဘာ -၂၉ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် လာမယ့်ရက်ပိုင်းတွေမှာ မန္တလေးနဲ့ပြင်ဦးလွင်မြို့တွေကိုလာရောက်ဖို့ရှိတာကြောင့် လမ်းပိုင်းကို ဆက်တိုက်ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မန္တလေး-ပြင်ဦးလွင် ကားလမ်းတလျှောက် လမ်းဧရိယာချဲ့ပြီး လမ်းခင်းတာ၊ လမ်းပေါ်ကစျေးဆိုင်တွေ ဖျက်ခိုင်းတာတွေကို ပြုလုပ်နေတာပါ။
“အာဏာသိမ်းပြီးကတည်းက အလုပ်မလုပ်တဲ့စည်ပင်က အခု လမ်းပေါ်အမှိုက်တွေ လှဲတယ်၊အပင်တွေခုတ် ၊ဆေးသုတ်တာတွေ နေ့၊ည လုပ်နေကြတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ပြင်ဦးလွင်မြို့အဝင်လမ်းမနေရာတွေနဲ့ မြို့တွင်းလမ်းတွေမှာလည်းသန့်ရှင်းရေး လုပ်ဆောင်နေသလို သစ်ပင်တွေကအစ ဆေးသုတ် ထားတယ်လို့ မြို့ခံကဆိုပါတယ်။
လာမယ့် ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီခေါင်းဆောင်ဟာ မန္တလေးမြို့ကနေတဆင့် ပြင်ဦးလွင်မြို့ကို ရောက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
မန္တလေးမြို့ပေါ်မှာလည်းစစ်ဆေးမှု ပိုစိပ်လာပြီးညပိုင်းတွေမှာစစ်တပ်နဲ့ရဲက ကင်းလှည့်ရာ ဆိုင်ကယ်တွေ၊ ကားတွေကိုတားဆီးစစ်ဆေးတာ ၊ လက်ကိုင်ဖုန်းကို ကြည့်ရှုတာတွေ ရှိလာပါတယ်။
















































