နိုဝင်ဘာ-၂၉၊၂၀၂၅။ဆဏ်း/People’s Spring
တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်ကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌတို့ ဦးဆောင်ပြီး စစ်တပ်ထောက်ခံသူ အနုပညာရှင်တွေနဲ့အတူ သွားရောက်ခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက သတင်းရင်းမြစ်ကပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပတဲ့ လျန်ချန်းမဲခေါင် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် အေးကြွယ်နဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ကြည်စိုးထွန်းတို့ ဦးဆောင်ပြီး မင်္ဂလာရုပ်ရှင်ရုံပိုင်ရှင် ဇော်မင်း ၊ ဒိန်းဒေါင် ၊ ချမ်းသာကြည်စိုးတို့နဲ့အတူ ဒါရိုက်တာ မီးပွားလည်းလိုက်ပါသွားတယ်လို့ သိရပါတယ်။
“ ဒါရိုက်တာ မီးပွားက အခုက မင်းအောင်လှိုင်သား ကုမ္မဏီ ဖြစ်တဲ့ Show Like မှာ ပင်တိုင် ရုပ်ရှင်ဒါရိုက်တာဖြစ်လာ။ဘာလို့လဲဆိုတော့ အတုအယောင် ရွေးကောက်ပွဲအတွက် ကမ်ပိန်းတွေကို သူက ပြန်ဝန်မောင်မောင်အုန်းကို အဓိက အကြံပေးပြီး မြေပြင်မှာသူက ပြန်ကြားရေးက DG အေးကြွယ် နဲ့အတူတူလုပ်ဆောင်ခဲ့လို့ အခုလိုမျိုးဖြစ်လာတာ” လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒီရုပ်ရှင်ပွဲတော်တွေက စစ်ကောင်စီနဲ့ နီးစပ်တဲ့ ထုတ်လုပ်ရေးတွေက ဇာတ်ကားတွေပဲ ရွေးချယ်လေ့ရှိတာဖြစ်ပြီး Forever Group ကထုတ်လုပ်ထားတဲ့ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ဇာတ်ကား နဲ့ စိန်ဌေးကထုတ်လုပ်ထားတဲ့ သဘင်သည်မြနှင်းဆီ ဇာတ်ကားတွေကို ပြသခဲ့တယ်လို့ သိရပါတယ်။
Forever Groupက MRTV-4ရဲ့ ပိုင်ရှင်ဦးဝင်းမော်တို့ရဲ့ထုတ်လုပ်ရေးဖြစ်ပြီး စိန်ဌေးပိုင်ရှင်ကလည်း ရုပ်ရှင်အစည်းအရုံးမှာ အမှုဆောင်အနေနဲ့ အချိန်အကြာကြီးလုပ်ဆောင်ခဲ့သူပါ။
တရုတ်ရုပ်ရှင်ပွဲတော်ကိုတော့ နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ပြုလုပ်မှာလို့ သိရပါတယ်။
















































