မကောင်းမှုမှန်သမျှကျူးလွန်တဲ့ စစ်တပ်ရဲ့ လက်မဲကြီးပေါ်မှာ စိုးရိမ်လာလို့ KNUအား သွေးရူးသွေးတမ်းတိုက်ခိုက်နေဟု တုံ့ပြန်
နိုဝင်ဘာ ၃၀၊ ၂၀၂၅။ ပုရစ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို DKBA တပ်ဖွဲ့နဲ့အတူ ငြိစွန်းနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက အချက်အလက်အမှားတွေသုံး ပုံဖော်နေမှုအပေါ် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဌာနချုပ်က ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် (DKBA) ဟာ စစ်တပ်ဘက် ယိမ်းနေတဲ့ အဖွဲ့အစည်းဖြစ်သလို စစ်တပ်ရွေးကောက်ပွဲကို အားပေးကူညီမယ်လို့ ကြေညာထားတဲ့ အဖွဲ့ဖြစ်ကြောင်း

Public Service Announcement
သမိုင်းအစဉ်အလာကြီးမားတဲ့ KNUကို ဖျက်ဆီးဖို့ စစ်တပ်က ခေတ်အဆက်ဆက်က ကြိုးပမ်းခဲ့သလို အခုလည်း KNUအားငွေလိမ်ဂိုဏ်းနဲ့ ငြိစွန်းတယ်လို့ အသည်းအသန် သွတ်သွင်းနေကြောင်း ဖော်ပြပါတယ်။
နိုဝင်ဘာ ၂၈ရက်မှာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက KNU အားDKBAနဲ့ ပေါင်း စည်းထားတာကို တွေ့ရပြီး ဇော်မင်းထွန်းဟာ ထင်ရောင်ထင်မှားအချက်တွေကိုသာအခြေခံပြီးမှားယွင်းစွာ ပြောဆိုထားတာလို့ ထုတ်ပြန်ပါတယ်။
DKBAတို့နှစ်စဉ်ကျင်းပတဲ့ DKBAနေ့ဟာ စစ်အာဏာရှင်ရဲ့ ထိုးခွဲမှုကြောင့်နဝတနဲ့ ပူးပေါင်းကာKNUအားတရားဝင်တော်လှန်ပုန်ကန်သောနေ့ဖြစ်သလို DKBAဟာ တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း KNUနဲ့ အတူမရပ်တည်ဘဲ အခြေအနေအရ စစ်တပ်ဘက် ယိမ်းခဲ့ကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်းမှာလည်း KNUနဲ့ အတူမရပ်တည်ပဲ NCAအခမ်းအနားကို တက်မြဲတက်နေကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် KNUက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အတူတကွ ဆန့်ကျင်ဖို့အခုနှစ် ဩဂုတ် ၂၆ရက်က တိုက်တွန်းခဲ့ပေမယ့် DKBAက စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို အားပေး ကူညီမယ်လို့ ထုတ်ပြန်သွားကြောင်း KNLA က ထောက်ပြပါတယ်။
“အထက်ပါအချက်တွေအားကြည့်ခြင်းအားဖြင့်DKBAအဖွဲသည်သူ့ရပ်တည်ချက်နှင့်သူသွားနေပါ သဖြင့်ဇော်မင်းထွန်းပြောသည်နှင့်တခြားစီဖြစ်နေသည်။သို့ဖြစ်၍ဇော်မင်းထွန်းသည်KNUအားမမှန်ကန်သောအချက်အ လက်ဖြင့်သာOnlineငွေလိမ် လုပ်ငန်းအားDKBAနှင့်အတူ ငြိစွန်းသည်ဟုကြိုးပမ်းပုံဖေါ်နေသည်။ နောက်ဆုံးအနေဖြင့်KNU၏နိုင်ငံရေးရပ်တည်ချက်သည်စကမ၏နှစ်လုံးသားဖြစ်သည့်ရွေးကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေးကိုထိခိုက်လာခြင်းနှင့်တစ်သက်လုံးဗိုလ်ကျစိုးမိုးနိုင်ရေးအတွက်မကောင်းမှုမှန်သမျှကိုကျူးလွန် သော၎င်းတို့လက်မဲကြီးပေါ်သွားမည်ကိုစိုးရိမ်လာခြင်းတို့ကြောင့်KNUအားသွေးရူးသွေးတမ်း တိုက်ခိုက်လျက်ရှိသည်” လို့ KNLAက ထုတ်ပြန်ပါတယ်။
KNLA ရဲ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ KNU အပေါ် သဲကြီးမဲကြီးတိုက်ခိုက်နေရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြထားပါတယ်။ KNUရဲ့ နိုင်ငံရေးမူဝါဒဟာ ခိုင်မာပြီးတစ်နိုင်ငံလုံးလွှမ်းခြုံနေတယ်ဆိုရင်မှားမည်မဟုတ်ကြောင်း၊ KNUသည်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်တစိုက်မတ်မတ်တိုက်ပွဲဝင်လျက်ရှိနေလို့ KNU ခေါင်းမထောင်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ချေမှုန်းနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဲဒီလိုလုပ်ဆောင်ရာမှာ KNUမှ ကမကထပြုဦးဆောင်တဲ့ NDFတပ်ပေါင်းစုကို ၁၉၉၃ခုနှစ် နဝတခေတ်မှာ ဖြိုခွဲဖျက်ဆီးခဲ့သလို KNU ရဲ့ မဟာ မိတ်တွေနဲ့ အပစ်ရပ်ထားကာKNUအားအထီးကျန်အောင်လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားပါတယ်။
ဒါ့အပြင် KNLAရဲ့ အောက်ခြေပိုင်းမှာ သပ်လျှိုဖြိုခွဲပြီး မိခင်KNUကို၁၉၉၅ခုနှစ်တွင်တော်လှန်ပုန်ကန်စေကာ ရှိသမျှအင်အားဖြင့်စု ပြုံတိုက်ခိုက်ခဲ့လို့ KNU အထိနာခဲ့ရဟု အသိပေးပါတယ်။ အပစ်အခတ်ရပ်စဲရေးကာလမှာလည်းKNUကိုနည်းမျိုးစုံဖြင့်ဖျက်ဆီးဖို့ ထောင်ချောက်ဆင်ကြံစည်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း KNLAက ထုတ်ပြန်ထားပါတယ်။
KNUနဲ့ DKBAဟာ ရန်သူတွေမဟုတ်ပေမယ့် KNUရဲ့ မူဝါဒအရ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ စိတ်ကြွမူးယစ်ဆေးဝါးဟာ ကရင်တစ်မျိုးသားလုံးရဲ့ ရန်သူဖြစ်ကြောင်းလည်း KNLAက ရှင်းပြထားပါတယ်။
DKBAဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အကာအကွယ်ပေးနေသလို မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးလည်း သတင်းတွေ ထွက်ပေါ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ နိုဝင်ဘာ တတိယပတ်မှာ မြ၀တီ မင်းလက်ပံ(ဖလူး)ဒေသမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့အတူ DKBAက ပူးပေါင်းပြီး KNU တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာ KNUတပ်ဖွဲ့တွေကလည်း DKBAတပ်စွဲရာ နေရာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီလို စီးနင်းရာမှာ DKBA အကာအကွယ်နဲ့လုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံက လူပေါင်း ထောင်ချီပါဝင်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာ ခြံဝင်းကိုဖမ်းမိခဲ့ပါတယ်။ အဲဒီ ငွေလိမ်လုပ်ငန်းတွေ သက်သေအထောက်အထားတွေကို KNUက စိစစ်နေပြီး နိုင်ငံတကာ က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ဖိတ်ခေါ်ထားပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကို အွန်လိုင်းငွေလိမ်လုပ်ငန်းက ဖမ်းမိတဲ့ သက်သေတွေလွှဲပြောင်းပေးမယ်လို့လည်း အသိပေးထားပါတယ်။
















































