နိုဝင်ဘာ – ၃၀ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် မင်းလက်ပံရွာမှာ ဒီနေ့ (နိုဝင်ဘာ ၃၀ ရက် ) မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ စစ်ရှောင်တွေဆီကသိရပါတယ်။
ထိုင်း – မြန်မာ နယ်စပ် နယ်ခြား သောင်ရင်းမြစ်ဘေး မှာရှိတဲ့ မင်းလက်ပံရွာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ လက်နက်ကြီးအချို့ ထိုင်းဘက်ခြမ်း ကျရောက်ရာမှာမြန်မာစစ်ရှောင်တွေသွားရောက်နေထိုင်နေတဲ့ တန်းလျားပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်ရှောင်အချို့က ဆိုပါတယ်။
တန်းလျားပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင်သုံးဦး ထိခိုက်ဒဏ်ရာရပြီး အဲဒီအထဲက တစ်ဦး ကတော့ စိုးရိမ်ရတဲ့အတွက် ဆေးရုံ ပို့ထားတယ်လို့ သိရပါတယ်။

Public Service Announcement
“အဒေါ်ကြီးတစ်ယောက် ကလေးနှစ်ယောက် ထိတယ်၊ ကလေးတစ်ယောက်ကတော့စိုးရိမ်ရတယ်၊စစ်ရှောင်တန်းလျားကိုထိတာ”လို့စစ်ရှောင် တစ်ဦးက ပြောပြပါတယ်။
လက်နက်ကြီးကို မြဝတီမြို့တောင်ဘက် လက်ခတ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကပစ်ခတ်တာဖြစ်နိုင်တယ်လို့ စစ်ရှောင်တွေကယူဆထားပါတယ်။
ထိုင်းနယ်စပ်သတင်းတွေမှာလည်းဒီမနက် ၉ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ ၊ မဲ့ကိုကင်းရွာဘက်ကို မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ငါးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသလို အဆောက်အဦးတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြကြပါတယ်။
မြ၀တီမြို့တောင်ဘက် မင်းလက်ပံရွာအနီးကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ ပူးပေါင်းတပ်တို့အကြား ပြီးခဲ့တဲ့ ရက်ပိုင်းနိုဝင်ဘာ ၂၁ ရက်မှာ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
တိုက်ပွဲကြောင့် လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံထဲ ကျရောက်ခဲ့တဲ့အတွက် ထိုင်းစစ်တပ်က မီးခိုးဗုံးတွေနဲ့ အချက်ပြပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။


















































