Connect with us

Hi, what are you looking for?

သတင်း

PDFထိန်းချုပ်ထားတဲ့ အင်းတော်နဲ့ဗန်းမောက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးနေသော အင်းတော်ဟိုတယ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၃၀၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

နယ်မြေချင်းဆက်စပ်နေတဲ့ အဲဒီမြို့နှစ်မြို့ကို အခု နိုဝင်ဘာနောက်ဆုံးပတ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

” ဂျက်ဖိုက်တာနဲ့ရော Y12နဲ့ပါဗုံးကြဲနေတာဖြစ်တယ်။ မော်လူးတို့ မဲဇာတို့ကနေပါ ကြားနေရတယ်။ ပေါက်ကွဲသံတွေခဏခဏကြားနေရတယ်။ အရပ်သားတွေရှိတဲ့နေရာကို ကြဲမှာစိုးတာ” လို့ ဒီနေ့ (နိုဝင်ဘာ ၃၀ရက်) နေ့လယ် ၁၂နာရီခန့်က အခြေအနေကို အင်းတော်မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ နိုဝင်ဘာ ၃ဝရက်) မနက်၁၀နာရီခန့်က အင်းတော်မြို့နဲ့ဗန်းမောက်မြို့နယ်က နေရာအချို့ကို လေကြောင်းကနေ ဗုံးကြဲသွားပြီး ထိခိုက်မှုရှိ၊မရှိကိုမူ မသိရသေးဘူးလို့ တော်လှန်ရေးရဲဘော် တစ်ဦးက ပြောပါတယ်။

အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ် (၁)စစ်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများအပြားက ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကျောင်းသားတပ်မတော် (ABSDF)ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီလ၇ရက်မှာ သိမ်းယူခဲ့တာပါ။ ဗန်းမောက်မြို့ အမှတ် (၁)စစ်ဒေသကွပ်ကဲမှုနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် SNA တပ်တွေက မြို့ပြင်နေရာအချို့ကနေ ပစ်ခတ်တိုက်ခိုက်မူတွေပြုလုပ်နေပြီး မြို့ကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ကိုအပြည့်ဝထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

အင်းတော်မြို့မှာလည်း စစ်ဘေးရှောင်ပြည်သူတွေထောင်ချီပြီးရှိနေသလို ဗန်းမောက်မြို့က လက်တလော စစ်ရေးအခြေအနေတွေကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၁၅ရွာဝန်းကျင်နဲ့ မြို့ပေါ် လေးရပ်ကွက်က ဒေသခံတွေတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေအတွက် စားသောက်ကုန်တွေ ၊ အဝတ်အထည်နဲ့စောင်ခြင်ထောင်တွေ လိုအပ်နေတယ်လို့ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိ တော့တဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲမှုတွေ စစ်တပ်ပြုလုပ်နေပါတယ်။ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်ကနေ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ထိ လေကြောင်းတိုက်ခိုက်မှု ၃၉၉၉ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ၄,၃၂၂ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတွေမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေပါတယ်။

လူထုကိုပစ်မှတ်ထား သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှု သက်သေတွေစုဆောင်းနေပြီး နောင်တချိန်မှာ ပြစ်ဒဏ်ပေးနိုင်ဖို့ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ