နိုဝင်ဘာ ၃၀၊ ၂၀၂၅။ ပုရစ်/People’s Spring
လွတ်မြောက်နယ်မြေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးအပြင် ပြည်သူ့ဝန်ဆာင်မှုလုပ်ငန်းတွေ လက်တွေ့လုပ်ဖို့ အရေးကြီးကြောင်း မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်အောင်မိုးက ပြောကြားလိုက်ပြီး တာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်သွားမယ်လို့ ကတိပြုပါတယ်။
နိုဝင်ဘာ ၂၈ရက်က ကျင်းပခဲ့တဲ့ မန္တလေးဒေသလွှတ်တော် ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့ ဦးမြင့်အောင်မိုးက မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ တနိုင်ငံလုံးရဲ့ ဖက်ဒရယ်အရွေ့ကို ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့အစည်းတွေ တခြားပြည်နယ် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်သွားကြမှာဖြစ်ပြီး ဖက်ဒရယ်အရွေ့ကို ဖော်ဆောင်သွားမယ်လို့ ဦးမြင့်အောင်မိုးက ပြောပါတယ်။

Public Service Announcement
ကောင်စီဟာ နိုင်ငံရေးအရွေ့သက်သက်မဟုတ်ဘဲ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း လက်တွေ့ဆောင်ရွက်ကြရမယ်လို့ ပြောပါတယ်။
မန္တလေးဒေသမှာ လွတ်မြောက်နယ်မြေတွေ စိုးမိုးထိန်းချုပ်နယ်မြေတွေလို့ ပြောလို့ရတဲ့ ပြင်ဦးလွင်ခရိုင်ထဲက အချို့မြို့နယ်တွေ မြင်းခြံခရိုင်ထဲက မြို့နယ်တွေရှိပြီး အုပ်ချုပ်ရေးနဲ့တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ အာဏာလေဟာနယ်အဖြစ်ခံလို့မရကြောင်း ပြောကြားပါတယ်။
စစ်ရေးအရအောင်အောင်မြင်မြင်ဆောင်ရွက်ပြီးတဲ့အခါ အောင်မြင်ထားတဲ့နယ်မြေတွေကို အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ လိုအပ်သလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေလည်း လုပ်ဆောင်ကြရမယ်လို့ ဦးမြင့်အောင်မိုးက ပြောပါတယ်။
“တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပုံမှန်တည်ငြိမ်နေတဲ့ ကာလလိုတော့ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို ပြည်သူတွေလည်း နားလည်ထားပါတယ်။ အဓိကအားဖြင့် ရပ်တန့်ထားလို့မရတဲ့ အင်မတန်အရေးကြီးတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူသားစာနာ ကိစ္စတွေ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဖျားတာနာတာက အစ တော်လှန်ရေးပြီးမှ ကုသမယ်လို့လုပ်လို့မရပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နိုင်ဖို့ ကြိုးစားကြရပါမယ်။ ပညာရေးကိစ္စကလည်း အဲဒီလိုပါပဲ”လို့ ဦးမြင့်အောင်မိုးက ပြောပါတယ်။
ဒေသတွင်းမှာ ကျောင်းနေအရွယ် ကလေးငယ် သောင်း၊ သိန်းချီရှိပြီး CDM ဆရာဆရာမတွေ၊ လုပ်အားပေး ဆရာဆရာမတွေနဲ့ ရပ်မိရပ်ဖတွေပူးပေါင်းပြီး စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်အကြား မဖြစ်ဖြစ်တဲ့နည်းနဲ့ ပညာသင်ကြားမှုတွေဆက်လုပ်နေကြရတယ်လို့ ပြောပါတယ်။
ပညာသင်ကြားရေး ရပ်တန့်ထားလို့မရလို့ စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာ ဖြစ်သလို လူသားစာနာ ကိစ္စတွေ ဆောင်ရွက်ဖို့ အရေးကြီးပြီး စစ်ရှောင်တွေ ကို တက်စွမ်းသလောက် ကူညီရမယ်လို့ ဦးမြင့်အောင်မိုးက ပြောပါတယ်။
“ကျနော်တို့ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ ရက်စက်မှုဒဏ်ကို ခါးစည်းခံနေရတာဖြစ်ပါတယ်။ ကျေးရွာတွေကို မီးရှို့ခံရတာ လေကြောင်း တိုက်ခိုက်ခံရတာ အပါအဝင် မျိုးစုံခံစားနေကြရတာဖြစ်ပါတယ်” သူက ပြောပြပြီး မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်မြို့နယ်တွေမှာ တမြို့လုံးနီးပါး စစ်ရှောင်နေရလို့ စစ်ရှောင်တွေကို ကူညီနိုင်ဖို့ ကြိုးစားနေကြောင်း အသိပေးပါတယ်။
ကောင်စီဥက္ကဋ္ဌ အဖြစ် ယုံကြည်စွာ တာဝန်ပေးတဲ့အပေါ် ဂုဏ်ယူကြောင်းလည်း ပြောပါတယ်။
“ရာထူးထက်တာဝန်လို့ခံယူပါတယ်။”လို့ ဦးမြင့်အောင်မိုးက ပြောကြားပြီး တာဝန်ကို အုပ်ချုပ်ရေးကောင်စီဝင်အားလုံးနဲ့အတူတူ လက်တွဲညီညီ ပူးပေါင်းပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ထမ်းဆောင်သွားမယ်လို့ ကတိပြုပါတယ်။
နိုဝင်ဘာ ၂၈ရက်က ကျင်းပတဲ့ မန္တလေးဒေသလွှတ်တော် ပထမအကြိမ်အစည်းအဝေး အစည်းအဝေး အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မိန့်ခွန်းပြောကြားခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဒေသလွှတ်တော် အကြီးအကဲများနဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီသစ်ကို ပြည်ထောင်စုအဆင့်မှ လိုအပ်သော ပံ့ပိုးမှုနဲ့ အရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာမခံခဲ့ပါတယ်။
“ ဒါဟာ ဗမာလူမျိုးအများစု နေထိုင်ရာ အချက်အချာဒေသဖြစ်တဲ့ မန္တလေးကနေ စစ်အာဏာရှင်ရဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို အပြီးတိုင် ဖျက်သိမ်းပြီး၊ ပြည်သူ့ဆန္ဒကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို ဦးတည်တဲ့ အုပ်ချုပ်ရေး အာဏာကိုလွှဲပြောင်းယူဖို့ အစပြုလိုက်ပြီဆိုတာကို ပြသနေတဲ့ သက်သေတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ စစ်ရေးအရ တိုက်ပွဲဝင်နေရုံသာမကဘဲ၊ နိုင်ငံရေးအရပါ ပြည်သူဗဟိုပြုတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပြီဆိုတာကို ဒီပွဲက သက်သေပြနေပါတယ်”လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
မကြာခင် တာဝန်ထမ်းဆောင်ကြရမယ့် မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေး ကောင်စီသစ်ရဲ့ တာဝန်ဟာ အလွန်ကြီးမားတယ်လို့လည်း ပြောပါတယ်။
ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင်များ စောင့်ရှောက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးစနစ်တွေကို ပြည်သူကို ဗဟိုပြုတဲ့ စနစ်အဖြစ် အလျှင်အမြန် ပြန်လည်တည်ဆောက်ရေးအတွက် ရှေ့တန်းကနေ တာဝန်ယူရမှာဖြစ်လို့ NUGက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးခဲ့ပါတယ်။
” ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ စစ်အာဏာရှင်ရဲ့ စစ်ရေးအရ အရှိန်မြှင့်တင်မှုတွေကို ခံနိုင်ရည် ရှိရုံသာမကဘဲ၊ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မယ့် အနာဂတ် အစိုးရစနစ်တစ်ခုကို စတင်ထူထောင်နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
မန္တလေးဒေသအင်အားစုများအားလုံး စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ဂုဏ်ပြုခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးဒေသအတွက် ရေးဆွဲခဲ့တဲ့ ကြားကာလနိုင်ငံရေးအစီအမံမူကြမ်း ထဲမှာလည်း အရပ်ဘက်-စစ်ဘက်ကို ရှင်းရှင်းလင်းလင်း ခွဲခြားထားတာ၊ အရပ်သားတွေကို စစ်ဘက်ဆိုင်ရာ တရားရုံးက တရားစီရင်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာတွေဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို တော်လှန်ရေးအင်အားစုတွေက အလေးထားကြောင်း ပြသနေတာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
တိုင်းရင်းသားများအားလုံး နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တဲ့ ဖက်ဒရယ်မူ ကို အကောင်အထည်ဖော်ရာမှာ မန္တလေးဒေသက ရှေ့ဆောင်လမ်းပြအဖြစ် ဦးဆောင်ပါဝင်လာခြင်းဟာ နိုင်ငံအတွက် စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့အတွက်လည်း အားရစရာ ခြေလှမ်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
မန္တလေးဒေသလွှတ်တော်ပထမအကြိမ်အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်နဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။
ပထမအကြိမ် မန္တလေးဒေသလွှတ်တော် အစည်းအဝေးမှ မန္တလေးဒေသလွှတ်တော်ရဲ့ ဥက္ကဌအဖြစ် မလှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) က ဒေါ်သီတာငြိမ်းအား လည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဌအဖြစ် မတ္တရာမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က ဦးမောင်မောင်အေးအား လည်းကောင်း လွှတ်တော်က တညီတညွတ်တည်း ရွေးချယ် တင်မြောက်ခဲ့ပါတယ်။
မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီကို မန္တလေးဒေသလွှတ်တော်ကိုယ်စားပြုကော်မတီ အဖြစ် အမည်ပြောင်းလဲ ခေါ်ဝေါ် သတ်မှတ်ခဲ့ပြီး မန္တလေးဒေသလွှတ်တော်ရဲ့ ရေးရာကော်မတီများအဖြစ် ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီ၊ ပြည်သူ့ရေးရာ နဲ့
လူမှုရေးဆိုင်ရာကော်မတီ၊ သယံဇာတ၊ ဒေသန္တရစီမံကိန်း၊ အရအသုံး ငွေစာရင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မတီ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာကော်မတီတို့ကို လွှတ်တော်က အတည်ပြုဖွဲ့စည်းခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို ကောင်စီဝင် ၉ဦးနဲ့ ဖွဲ့စည်းခဲ့ရာ အစည်းအဝေးမှာ ကတိသစ္စာပြုခဲ့ပါတယ်။ ကောင်စီဝင်တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်၊ လူငယ်၊ အရပ်ဘက်အဖွဲ့အစည်း၊ လူထုလှုပ်ရှားမှုကဏ္ဍနဲ့ CDM စတဲ့ နယ်ပယ်တွေကသူတွေပါဝင်ပါတယ်။
















































