နိုဝင်ဘာ-၃၀၊၂၀၂၅။တေဇ/People’s Spring
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရားပုဒ်မတပ်ဖမ်းဆီးထားတဲ့ ဒါရိုက်တာ မိုက်တီးအပါအဝင် အနုပညာရှင်သုံးဦးကို ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခဲ့တယ်လို့ အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်က ပြောပါတယ်။
“ ရုံးချိန်းတစ်ချိန်းထဲနဲ့ချ။ချေပခွင့်မပေး။ ခရိုင်တရားသူကြီးအထက်ကဖုန်းကိုစောင့်နေရပြီးစီရင်ချက်ချ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်မှာ ဟာသသရုပ်ဆောင် အုန်းဒိုင်းကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံး ၊ နိုဝင်ဘာ ၂၇ရက်မှာ ဒါရိုက်တာမိုက်တီးကို ရန်ကင်းမြို့နယ်တရားရုံး နဲ့ နိုဝင်ဘာ ၂၈ ရက်မှာ သရုပ်ဆောင်ကျော်ဝင်းထွဋ်ကို ဗဟန်းမြို့နယ်တရားရုံးတွေမှာ အမိန့်ချခဲ့တာလို့ သိရပါတယ်။

Public Service Announcement
ဒါရိုက်တာမိုက်တီးအပါအဝင်သုံးဦးဟာ စစ်ကောင်စီရဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကား နဲ့ ဇာတ်ကား မှာ ပါဝင်သူတွေကို လူမှုကွန်ရက်ကနေ မဟုတ်မမှန် ဝေဖန်ရေးသားသလို ရွေးကောက်ပွဲအပေါ် လူထု အထင်အမြင် လွှဲမှားအောင်လှုံ့ဆော်ခဲ့ကြတယ်လို့ စစ်ကောင်စီက စွပ်စွဲထားပြီး ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေ နဲ့အရေးယူမယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၉ရက်မှာ စွပ်စွဲထုတ်ပြန်ခဲ့တာပါ။
တကယ်တော့ သူတို့သူဦးစလုံးဟာ စစ်တပ်ရွေးကောက်ပွဲ ၊ စစ်တပ်ဝါဒဖြန့်ဇာတ်ကား ခေတ်သမိုင်းကို ဒုန်းစိုင်းမည်သူများနဲ့ပတ်သက်ပြီး ထည့်သွင်းရေးသားခဲ့တာ မဟုတ်ပဲ စွပ်စွဲဖမ်းဆီးခံခဲ့ကြရတာပါ။
ရွေးကောက်ပွဲအတွက် သီးသန့်ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်တာဖြစ်ပြီး အထက်ပါသုံးဦးစလုံးကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
အမိန့်ချပြီးချိန်မှာ သက်ဆိုင်ရာတရားရုံးတွေကနေ အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီကသူတို့ရဲ့ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားနဲ့ပတ်သက်ပြီးဖေ့စ်ဘွတ်ခ်မှာ React ပေးတာကြောင့် ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာ အောင်ချမ်းလူကိုလည်း မတရားဖမ်းဆီးထားပါသေးတယ်။


















































