နိုဝင်ဘာ-၃၀၊၂၀၂၅။အိမ်သွင်/People’s Spring
ဓနုကိုယ်ပိုင်အချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်း ဒေသခံ ပြည်သူ ၇ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး မိန်းကလေးအချို့ကို အဓမ္မပြုကျင့်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ကို ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်( DSNDA)က ပစ်ခတ်ရှင်းလင်းလိုက်ပါတယ်။
ရွာငံမြို့နယ်ရဲ့ ပျူစောထီးခေါင်းဆောင်ဝင်းမြင့်နဲ့ ၎င်းရဲ့လက်အောက်ခံတစ်ဦးကို ရွာငံမြို့နယ်တနေရာမှာ မနေ့က နိုဝင်ဘာ၂၉ရက် မနက်ပိုင်းက ပစ်ခတ်လိုက်တာလို့ DSNDAက သတင်းထုတ်ပြန်ပါတယ်။
ဝင်းမြင့်ဟာရွာငံမြို့နယ်၊မြင်းကျဒိုးကျေးရွာမှာနေထိုင်သူဖြစ်ပြီးတစ်မြို့ နယ်လုံးအတိုင်းအတာနဲ့ စစ်ကောင်စီရဲ့အဓိကထောက်တိုင် ပျူစောထီးခေါင်းဆောင်ဖြစ်ပါတယ်။

Public Service Announcement
သူက ၂၀၂၁ ဇူလိုင်မှာ ရွာငံမြို့နယ်၊ ပဲရင်းတောင်ရွာကို မီးရှို့ပြီး ဒေသခံပြည်သူ၇ ဦးကို သတ်ဖြတ်ခဲ့မှု၊ ၂၀၂၂ ဇွန်လမှာ လွှစင်ကျေးရွာက ပြည်သူနေအိမ် ၄လုံးမီးရှို့မှု၊ ၂၀၂၃ မေလနဲ့ ဇူလိုင်လထဲမှာမြက်ခါးအင်းရွာက ပြည်သူနေအိမ် ၃၇လုံး၊ကျောက်ပချုပ်ရွာမှ အိမ်၅လုံးနဲ့ မင်းပလောင်ကျေးရွာကိုရွာလုံးကျွတ်မီးရှို့တဲ့လုပ်ရပ်တွေကို ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့အခြေစိုက်တပ်မ ၅၅ နဲ့ပေါင်းပြီးကျူးလွန်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အသက် ၁၅နှစ်အရွယ်မိန်းကလေးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့သူ ဖြစ်တယ်လို့ DSNDAက သတင်းထုတ်ပြန်ပါတယ်။
” သူက စစ်တပ်ရဲ့အမာခံတွေဖြစ်သလို လုံခြုံရေးကိုလည်းသေချာပြင်ဆင်တဲ့သူ။ သူနားမှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြဲတစေရှိတတ်တယ်။ အခုမစ်ရှင်ကတော့ သေချာလေးလုပ်လိုက်တယ်လို့ကြားတယ်”လို့ ဓနုဒေသက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဝင်းမြင့်ကို ပစ်ခတ်ရှင်းလင်းဖို့အတွက် သူနဲ့အနီးကပ်နေသူတစ်ဦးရဲ့ အကူအညီကို DSNDAကရယူခဲ့ပါတယ်။ မစ်ရှင်ပြီးတဲ့နောက်ပိုင်းမှာ အကူအညီပေးသူကိုယ်တိုင်လည်း DSNDAနဲ့ ပူးပေါင်းလိုက်ပြီလို့သိရပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွာငံနဲ့ပင်းတယမြို့နယ်တို့ ပါဝင်ပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ဦးအာကာလင်းဖြစ်ပါတယ်။ ဦးအာကာလင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးခဲ့ဖူးပါတယ်။
ပျူစောထီးတွေဟာ စစ်ကောင်စီနဲ့ပေါင်းပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ၊နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်မှုတွေ ကျူးလွန်နေကြပါတယ်။
၂၀၂၄ ခုနှစ်က မန္တလေးတိုင်း၊ စဥ့်ကူးမြို့သိမ်းတိုက်ပွဲမှာလည်း အထက်ပါပြစ်မှုတွေကို ကျူးလွန်ထားတဲ့ပျူစောထီးတွေ တော်လှန်ရေးတပ်တွေက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။


















































