နိုဝင်ဘာ-၃၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ကျပ်သိန်းတစ်ထောင်အထက် ရွှေအရောင်းအဝယ်လုပ်ရင် စစ်ကောင်စီရဲ့ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို သတင်းပို့ရမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEAက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကျပ်သိန်း ၂၀၀ကျော်တဲ့ ရွှေဝယ်တာ၊ရောင်းတာမှာ ဗဟိုဘဏ်က သတ်မှတ်တဲ့ အွန်းလိုင်းငွေပေးချေမှု MMQR စနစ်နဲ့ပေးချေဖို့လည်း မနေ့က(နိုဝင်ဘာ ၂၉ ရက်) ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။
အဲဒီသတင်းပို့ရမယ့်၊ငွေကြေးလွှဲပြောင်းရေးလုပ်ငန်းစဥ်တွေကို အကောင်အထည်ဖော်ရမယ့် အရာရှိကို ရွှေဆိုင်၊ ရွှေသန့်စင်လုပ်ငန်းနဲ့ ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူတွေက ခန့်အပ်ဖို့နဲ့ခန့်အပ်ထားတဲ့အထောက်အထားကို ရွှေဆိုင်တွေမှာထားရမယ်လို့ ဆိုပါတယ်။

Public Service Announcement
“ တစ်ရစ်ခြင်းကြပ်နေတာပေါ့။ပထမက လုပ်ငန်းလိုင်စင်လျှောက်ခိုင်းတယ်။ရွှေဆိုင်တည်နေရာအတိအကျ ပေးရတယ်။အခုက ဆိုင်တွေရဲ့ အရောင်းအဝယ်စာရင်းကိုပါ သတင်းပို့ရမယ် ကိစ္စပေါ့။ဒါတွေအားလုံးက ငွေကြေးစီးဆင်းမှု ထိန်းချုပ်ဖို့ပဲ။တကယ်တမ်း ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်တို့ကိုယ်တိုင်ရော စကစ ညွှန်ကြားတာအကုန်လုပ်နိုင်လားဆိုတော့ မလုပ်နိုင်ပါဘူး။စျေးကွက်မှာ အကုန် လုံးနီးပါးက ကြောက်ရောင်း၊ကြောက်ဝယ်ဖြစ်နေရတာပဲ” လို့ ရွှေလုပ်ငန်းနဲ့ဆက်စပ်သူတစ်ဦးက ပြောပါတယ်။
နေ့စဉ်၊ လစဉ် အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်းအချုပ်တွေကို သက်ဆိုင်ရာစိစစ်ရေးအဖွဲ့ထံ လစဉ် လဆန်း ငါးရက်အတွင်း မပျက်မကွက် တင်ပြရမယ်လို့လည်း YGEA က အသိပေးပါတယ်။
ရွှေဈေးမတည်မငြိမ်စေဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ရောင်းဝယ်တာ၊ ဝယ်ယူတာ မပြုလုပ်ဖို့နဲ့ ရွှေဆိုင်က ကံစမ်းမဲပေးတဲ့ နည်းလမ်းတွေ မလုပ်ရဘူးလို့ ညွှန်ကြားချက်မှာ တွေ့ရပါတယ်။
လက်ရောက်ရွှေလွှဲပြောင်းခြင်းနဲ့ ခွင့်ပြုထားတဲ့ ဝယ်၊ရောင်းနည်းလမ်းတွေကလွဲရင် ကြိုရောင်းကြိုဝယ် (လေပတ်ကား) ရောင်းချတာမလုပ်ဖို့လည်း ဖော်ပြထားပါတယ်။
YGEA က သတ်မှတ်တဲ့ ရွှေရည်ညွှန်းစျေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်ဖို့ သတ်မှတ်ထားပေမယ့် ရွှေဆိုင်တွေနဲ့ ပြင်ပရွှေစျေးကွက်မှာတော့ ကွဲလွဲနေဆဲ ဖြစ်ပါတယ်။
အဓိကတော့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က သတ်မှတ်တဲ့ နိုင်ငံခြားငွေလဲနှုန်းနဲ့သာ YGEA က နေ့စဥ် ရွှေ စျေးကို သတ်မှတ်နေတာဖြစ်ပြီး ဒီကနေ့ (နိုဝင်ဘာ ၃၀ ရက်)မှာ ၁၆ ပဲရည်တစ်ကျပ်သားစျေးအရ ၅,၉၈၀,၀၀၀ ကျပ်ဖြစ်ပါတယ်။
ဒါပေမယ့် ပြင်ပရွှေ စျေးကွက်နဲ့ ရွှေဆိုင်တွေမှာ တော့ ၁၆ ပဲရည်တစ်ကျပ်သား ၈၆ သိန်းဝန်းကျင် ရှိပြီး ၁၅ ပဲရည်တစ်ကျပ်သား ၈၁သိန်း ရှိနေတယ်လို့ သိရပါတယ်။
ဒီကနေ့ နိုင်ငံခြားငွေလဲနှုန်းတွေအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၄,၀၀၀ ဝန်းကျင်ရှိပါတယ်။
ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား မှာ ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။ပြည်တွင်းရွှေရောင်းသူတွေက နေ့စဥ်ရွှေပေါက်စျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း× ၀ ဒသမ ၅၂၅ )နဲ့ တွက်ချက်ကြပါတယ်။
















































