နိုဝင်ဘာ-၃၀၊ ၂၀၂၅။ ပုရစ်/People’s Spring
ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ ချင်းပြည်တော်လှန်ရေးအင်အားစုတွေအနေနဲ့ အကြိမ်ကြိမ်ခုခံတော်လှန်ခဲ့ရာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် အများအပြားကို ချေမှုန်းနိုင်ခဲ့သလို တော်လှန်ရေးရဲဘော်တွေဘက်ကလည်း ကျဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-စီးယင်းက ဒီကနေ့ နိုဝင်ဘာ ၃၀ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။
စစ်ကောင်စီတပ်က ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ဘက်သို့ ဦးတည်ပြီး ၂၀၂၅ မေလနဲ့အောက်တိုဘာလကုန်ပိုင်းတွေမှာ ထိုးစစ်ဆင်လာတဲ့ အခြေအနေတွေကို အသိပေးထားတာဖြစ်ပါတယ်။
မေလမှ ဩဂုတ်လအတွင်းတွင် စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ကြောင်းထိုးလာသော အင်အား ၈၀၀ထက်မနည်းတဲ့ စစ်ကောင်စီတပ်ကို ချင်းပြည်တပ်ပေါင်းစုနဲ့ စစ်ဒေသ (၁)မဟာမိတ်အင်အားများက အပြန်အလှန် ခုခံကာကွယ်ခဲ့ရာ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီတိုက်ပွဲမှာ ရဲဘော် ၁၂ဦးကျဆုံးကာ တချို့ ဒဏ်ရာရခဲ့ဟု အသိပေးပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ အပြီးသတ်ဆုတ်ခွာသွားတာမရှိဘဲ ချင်းပြည်နယ်အဝင် (၅) မိုင်ခန့်တနေရာမှာ တပ်စခန်းအထိုင်ချကာ အင်အားဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အောက်တိုဘာလကုန်ပိုင်းမှစပြီး တီးတိန်မြို့ပေါ် လေကြောင်းနဲ့ စစ်အင်အားများ အကြိမ်ကြိမ်ဖြည့်တင်းခဲ့တယ်လို့ အသိပေးပါတယ်။
နိုဝင်ဘာလဆန်းမှာ ချင်းပြည်နယ်အဝင် ခိုင်ကမ်းဘက်မှ သိုင်းငင်းဘက်သို့ ဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း ထိုးစစ်ဆင်ခဲ့ပြီး နောက်ရက်အနည်းငယ်မှာ တီးတိန်မြို့မှ သိုင်းငင်းဒေသဘက်သို့ နောက်ထပ် စစ်ကြောင်းတစ်ကြောင်း၊ ကလေးတောင်ပိုင်းမှ ဝေဘူလ-ဖလမ်းမြို့ဘက်သို့ ဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း ထပ်မံထိုးစစ်ဆင်လာခဲ့တယ်လို့ CDF စီးယင်းက ထုတ်ပြန်ပါတယ်။
အဲဒီလို ချင်းပြည်အဝင် နေရာစုံမှ ထိုးစစ်ဆင်လာလို့ ချင်းပြည်တပ်ပေါင်းစုအနေနဲ့ စုဖွဲ့ပြီး ခုခံတော်လှန်ဖို့ အခက်အခဲရှိလာလို့ ကိုယ့်နေရာ ကိုယ့်အဖွဲ့အစည်း အသီးသီးဖြင့်သာ ခုခံတော်လှန်ကြရာ အင်အားမမျှတပဲ တစ်ဖြေးဖြေးနဲ့ ပြည်သူ့ဘက်တော်သားတွေရဲ့ ထိန်းချုပ်နေရာများ ပြန်လည် လက်လွတ်ခဲ့ရကြောင်း အသိပေးပါတယ်။
တိုက်ပွဲတွေအတွင်း သိုင်းငင်းဒေသဘက်သို့ ဦးတည် စစ်ထိုးလာတဲ့ စစ်ကြောင်းများက ဗျူဟာမှူး လှမျိုးထွဋ် နဲ့အရာရှိတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို ခုခံချေမှုန်းနိုင်ခဲ့ပေမယ့် ချင်းပြည်၊ ချင်းလဲန်းအင်အားစုဘက်မှ ရဲဘော် (၇)ဦးကျဆုံးခဲ့ရဟု ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်ထိ တော်လှန်ရေးအပေါ် အကျိုးတစ်စုံတစ်ရာ ဖြစ်စေခြင်းငှာ ရည်ရွယ်ပြီး တော်လှန်ရေးရဲဘော်အားလုံးအပေါ် တော်လှန်ရေးသစ္စာအမှန်ထားရှိကာ စစ်ကောင်စီတပ်တွေကို ကိုယ်စွမ်း၊ ညာဏ်စွမ်းရှိသမျှ မချွင်းမချန်ဘဲ အသက်စတေး ဆက်လက်ခုခံတော်လှန်နေကြောင်း CDF စီးယင်းက အသိပေးပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ မိသာစုတွေနဲ့တကွ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး ခရီးဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း CDF စီးယင်းက ထုတ်ပြန်ပါတယ်။
CDF စီးယင်းဟာ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပါတယ်။ ချင်းပြည်ကိုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တီးတိန်၊ ဖလမ်း၊ ကလေး၊ ဂန့်ဂေါ မြို့နယ်တွေမှာ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၅၀ ခန့်သေဆုံးခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာနရဲ့ တိုက်ပွဲသတင်းတွေအရ သိရပါတယ်။
အလားတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ကလည်း စစ်ကောင်စီတပ်ယာယီဆုတ်ခွာပေးရတဲ့ တီးတိန်မြို့နယ် ကနေဒီတောင်ကို ပြန်လည်သိမ်းပိုက်နိုင်ကြောင်း နိုဝင်ဘာ ၁၈ရက်က ကြေညာခဲ့သလို တီးတိန်မြို့အဝင် စစ်ကောင်စီဂိတ်ကိုလည်း နိုဝင်ဘာ ၂၇ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းရခဲ့ကြောင်း အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မှာ သူတို့ လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေ ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ချင်းပြည်နယ် တောင်ပိုင်း မှာလည်း ချင်း-မကွေးအစပ်ဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။
















































