နိုဝင်ဘာ ၃၀၊ ၂၀၂၅၊ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်က ခရီးသွားပြည်သူတွေကို ငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ် အထိုင်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force MDF Drone Team ရဲ့ Team 2 တာ၀န်ခံက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၂ နာရီခွဲက မြင်းမူမြို့နယ်၊ အလက္ကပ္ပရွာ ကိုးဆူဘုရားအနီးကဂိတ်ကို ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ရာ ဂိတ်ဘန်ကာဘေး ကျရောက်ပေါက်ကွဲခဲ့ကြောင်း Myaung Drone Force MDF က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်ကလည်း ကိုးဆူဘုရားကုန်းပေါ်ဂိတ် ဘန်ကာကို ဗုံးသီးလေးလုံး ထပ်မံကြဲချတိုက်ခိုက်ရာ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ MDF က ဆိုပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်ကလည်း မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ စစ်ကောင်စီအထိုင်ချစခန်းနဲ့ဂိတ်အား ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ရာ စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း Myaung Drone Force MDF က အသိပေးပါတယ်။
“ ဒုတိယရက် ကိုးဆူဘုရားပေါက် ဂိတ်ဖွင့်တောင်းနေချိန်ချတာ။ သုံးကောင်ပြင်းထန်ဒဏ်ရာရသွားတယ်။သုံးရက်မြောက်နေ့က သူတို့ပင်မအထိုင်ကိုချတာ။ လေးလုံး လုံး စခန်းထဲ အကုန် ကျရောက်ပေါက်ကွဲတယ် အထိအခိုက်က မသိရသေးဘူး။” လို့ MDF Drone Team ရဲ့ Team 2 တာ၀န်ခံက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စခန်းနဲ့ဂိတ်ဟာ ခရီးသွားပြည်သူတွေကို နေ့စဥ်စစ်ဆေးငွေညှစ်လေ့ရှိပြီး ဆိုင်ကယ် ၂ ယောက်ပိုးစီးလာရင်လည်း PDF ဆိုပြီး လိုက်ပစ်တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ ဒါ့အပြင် အလက္ကပ္ပရွာထဲက ပြည်သူတွေကိုလည်း ဖမ်းဆီးရိုက်နှက်လေ့ရှိပြီး အနီးဝန်းကျင် ရွာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို Myaung Drone Force MDFနဲ့ မြင်းမူမြို့နယ် ပကဖ၊ ဧရာမြွေပွေး NZN၊JUSTICE WARRIORSတပ်ဖွဲ့၊ Revolutionary Air Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။
မုံရွာ-မန္တလေးလမ်းပိုင်းမှာ ခရီးသည်တွေကို ငွေတောင်းနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံးကြောင်း Area71 LPDF Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်မနက်ကလည်း မုံရွာ-မန္တလေးလမ်းပိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်ကြားက ဆီဆိုင်တစ်ဆိုင်အနီးမှာ ခရီးသည်တွေဆီကနေ ငွေကြေးအဓမ္မ ကောက်ခံနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။















































