နိုဝင်ဘာ-၃၀၊ ၂၀၂၅ ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ညောင်ဦး-မြင်းခြံလမ်းပိုင်းမှာ မြင်းခြံမြို့က ပျုစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့အဖွဲ့သားတွေ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ လက်နက် ၃လက်နဲ့ ခဲယမ်းတွေတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက် မနေ့က မနက် ၁၁နာရီခန့်က သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလိုက်ပါလာတဲ့ကားကို ညောင်ဦး-မြင်းခြံလမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ကားပေါ်ပါ စစ်အုပ်စုဝင် အမျိုးသမီးတပ်သား ၄ဦး၊ အမျိုးသားတပ်သား ၁ဦး စုစုပေါင်း ၅ဦးလုံးသေဆုံးပြီး G4သေနတ် တစ်လက်၊ကာဘိုင် နှစ်လက်နဲ့ ကျည်အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ရဲဘော်မှိုင်းက ပြောပါတယ်။

Public Service Announcement
“သီတာယုမွန်မပါဘူး။ သူ့လက်ပါးစေတွေပဲ ပါတာ။ ကားပေါ်ပါအကုန်သေတာ။ ပုံမှန်ဆို ညောင်ဦး-မြင်းခြံလမ်းက သူတို့အားကောင်းတယ်။ သူတို့ လမ်းလို့ကိုပြောလို့ရတယ်”လို့ ၎င်းက ပြောပါတယ်။
ညောင်ဦး-မြင်းခြံလမ်းပိုင်းဟာ ပျူစောထီးတွေအားကောင်းတဲ့ဒေသဖြစ်တဲ့ကြားက တိုက်ခိုက်ခံလိုက်ရတာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း(၁)ပကဖမှ ရဲဘော်ဒီးနှင့်ရဲဘော် ဓာတ်ဗူး ဦးဆောင်တဲ့ ရဲဘော် (၁၀)ယောက်ကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


















































