Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရောက်စစ်သားသစ် ၄ ဦး တပ်ကိုစွန့်ခွာထွက်ပြေး၊ KIAပူးပေါင်းတပ်ဖမ်းမိထား

ဖားကန့်ဒေသရောက်ရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၄ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်တွေက ဖမ်းမိထားပါတယ်။

ဖားကန့်ဒေသမှာ နိုဝင်ဘာ ၁၀ရက်က တိုက်ပွဲတွေဖြစ်ပွားနေအချိန်မှာ KIA၊KPDFထံ ဆက်သွယ်ပြီး လက်နက်နဲ့ အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးကို KPDFတာဝန်ရှိသူက ဆုငွေချီးမြှင့်နေစဉ်။ ဓာတ်ပုံ-CJ

နိုဝင်ဘာ-၃၀၊၂၀၂၅။အိမ်သွင်/People’s Spring

ဖားကန့်ဒေသရောက်ရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၄ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်တွေက ဖမ်းမိထားပါတယ်။

ဖားကန့်ဒေသ မဇွန်ယန်ထောင်အနီးမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေထဲက ၄ဦးဟာ နိုဝင်ဘာ၂၇ရက်က ထွက်ပြေးလာပြီး KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ အတွေ့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

” သူတို့က ဆိုင်ကယ်တွေနဲ့ထွက်ပြေးလာတာ။ လမ်းမကျွမ်းတော့ မသွားတတ်မလာတတ်နဲ့ မျက်စိလည်နေတာ။ သူတို့ကို မသင်္ကာလို့လို့စစ်ဆေးတော့ စစ်မှုထမ်းသင်တန်းဆင်းတွေလို့ဝန်ခံတယ်” လို့ KIAနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူတို့လေးဦးကို ယခင်ကအလင်းဝင်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေကဦးဆောင်ပြီး စစ်ဆေးနေသလို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာ ရှမ်းနီတပ်(SNA)နဲ့ ပြည်သူ့စစ်တွေပါသလို စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဖမ်းဆီးခေါ်ဆောင်ထားတဲ့ စစ်မှုထမ်းသင်တန်းဆင်း ‌‌ တပ်သားသစ်တွေလည်း ပါပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာနဲ့ နိုဝင်ဘာလဆန်းကလည်း စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၄၀နီးပါးဟာ KIA၊KPDFထံ လက်နက်ချအလင်းဝင်ခဲ့ပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ လက်နက်ချအလင်းဝင်ပြီး လူထုနဲ့ပူးပေါင်းဖို့ KIA၊KPDFက တိုက်တွန်းထားပါတယ်။

လက်နက်နဲ့အတူအလင်းဝင် ဆုကြေးငွေနဲ့ဂုဏ်ပြုမယ်လို့လည်း ကမ်းလှမ်းထားပါတယ်။

အခုဖမ်းမိတဲ့သူလေးဦးကတော့ လက်နက်တွေပါမလာဘဲ အရပ်သားဟန်ဆောင်ပြီးထွက်ပြေးလာတာလို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ဟာ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို နိုဝင်ဘာ၂၅ရက်မှာ ဝင်လာလို့ တိုက်ပွဲတွေဖြစ်နေပါတယ်။

နိုဝင်ဘာ ၂၅ရက်ကတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနက် သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ဒရုန်းနဲ့ဗုံးကြဲတာတွေ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေအန္တရာယ်၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကိုသတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ