ဒီဇင်ဘာ-၁၊ ၂၀၂၅။ ရှိန်း/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တကောင်းမြို့ကို စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက် မနေ့ ည ၈နာရီ ၄၇မိနစ်ခန့်မှာ တကောင်းမြို့လမ်းဆုံအနီးက လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အမျိုးသား ၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
“ မြို့ထဲက လက်ဖက်ရည်ဆိုင်ပေါ့။ အဲဒီမှာ လက်ဖက်ရည်ထိုင်သောက်၊ ထမင်းစားနေကြတဲ့ လူကြီးတွေသေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးဒဏ်ရာရတဲ့ ဒေသခံတွေရဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။
မိုးကုတ်၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အစပ်တွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်ဟာ အဲဒီလမ်းတကြောက PDFထိန်းသိမ်းထားတဲ့ မြို့နဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာပါ။
















































