ဒီဇင်ဘာ-၁၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီရဲ့စျေးပွဲတော်ကပြန်လာတဲ့ လူငယ် ၂ဝကျော် ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်း အဲဒီမြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်ညက မုံရွာမြို့မှာ လုပ်တဲ့ စစ်ကောင်စီရဲ့ စျေးရောင်းပွဲတော်ကနေ ပြန်လာတဲ့ လူငယ်တွေကို စစ်တပ်ကစောင့်ပြီး ဖမ်းဆီးခဲ့ရာမှာ တနေရာတည်းက လူငယ် ၂ဝကျော် ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။
“ တိုင်းရင်းဆေးရုံနားကစောင့်ဖမ်းတာ။ မူးတဲ့သူတွေကော အကုန်ပါသွားတာ။ စျေးရောင်းပွဲတော်ဗန်းပြလုပ်တာ။ မသွားနဲ့ဆိုတာကိုသွားကြတာ။ အကုန်ပါသွား အေးတာပဲ” လို့ မုံရွာမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ကျောက္ကာလမ်းဘက်မှာလည်း ဖမ်းဆီးတာတွေရှိခဲ့ပြီး တချို့ကတော့ ငွေကြေးပေးရွေးယူနိုင်လို့ နောက်တရက်မနက်မှာ ပြန်လွတ်လာတာတွေရှိတယ်လို့လည်း မြို့ခံအချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလတုန်းကလည်း မုံရွာမြို့ပေါ်မှာ စစ်ကောင်စီက ပွဲလမ်းသဘင်တွေလုပ်ပေးခဲ့ပြီး ပွဲတော်ပြန် လူငယ်တွေကို ပေါ်တာဆွဲခေါ်ဆောင်တာတွေရှိခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ စျေးရောင်းပွဲနဲ့ စတိတ်ရှိုးတွေမှာ ပေါ်တာဆွဲနိုင်လို့ သတိပြုသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးခဲ့ပါတယ်။
စစ်ကောင်စီဟာ အဲဒီစျေးရောင်းပွဲတော်ကိုနိုဝင်ဘာ ၂၈ ရက်ကစတင်ခဲ့တာဖြစ်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၂ ရက်အထိ ပြုလုပ်မယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မုံရွာမြို့ပေါ်မှာ ပွဲလမ်းသဘင်မရှိချိန်မှာလည်း လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေပြီး နေ့စဥ် ဖမ်းဆီးခံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။
















































