■ဖမ်းဆီးတာမှာ ပြည်သူဝေဖန်စရာဖြစ်ခဲ့တဲ့အပေါ် NUG ပြည်ထဲရေးဒုဝန်ကြီးတောင်းပန်
■ငှားရမ်းထားတဲ့သေနတ်တွေပြန်မအပ်တာ၊အခွန်ခွဲတမ်းတွေမသွင်းလို့အမှုဖွင့်တိုင်ကြားခံထားရတာလို့NUG ပြော
ဒီဇင်ဘာ-၁၊၂၀၂၅။မိထက်၊ဒီးဒီ/People’s Spring
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံဟောင်းဖြစ်တဲ့ CDM ဆေးရုံအုပ်ကြီး ဒေါက်တာခင်သူသူလွင်ကို NUG လက်အောက်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တပ်ဖွဲ့ဝင်တွေကအင်အားသုံးပြီး ရုန်းရင်းဆန်ခတ် ဖမ်းဆီးသွားတဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။

Public Service Announcement
ဒေါက်တာခင်သူသူလွင်ကို သင်တောကျေးရွာက သူ့ဆေးခန်းမှာ နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဒေါက်တာခင်သူသူလွင်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းစဉ်က မင်းကင်းမြို့နယ် ပြည်သူဆေးရုံအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ် CDM ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ရာထူးကနေ အနားပေးခံရသူလို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ မင်းကင်းမြို့နယ်က Chindwin Medical Humanitarian Network အထောက်အပံ့နဲ့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာပါ။ သူ့ကို ဖမ်းဆီးတာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အဲ့ဒီအပေါ် ဒေသခံတွေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေက ဝေဖန်နေကြပါတယ်။
“ စစ်ဆေးစရာရှိရင်တောင် ရဲမေတွေနဲ့ လာခေါ်ရမယ်။ အခုက ရုပ်ဆိုးတယ်။ ဒါကို NUG အစိုးရအနေနဲ့ အဖြစ်မှန် အမြန်ဆုံးရှင်းဖို့ လိုအပ်တယ်” လို့ စစ်ကိုင်းတိုင်းက CDM သူနာပြုတစ်ဦးက ပြောပါတယ်။
မင်းကင်းမြို့ခံတစ်ဦးကလည်း ” လက်နက်တချို့ပြန်အပ်ရမယ်ဆိုတာလည်းကြားပါတယ်။ ဒါပေမယ့်လည်း အချင်းချင်းညှိညှိနှိုင်းနှိုင်းဖြေရှင်းရင်ကောင်းမှာပါ။အခုကတော့ အာဏာပြသလိုပါပဲ။ ကျနော်တို့အားလုံးက တော်လှန်ရေးဘက်တော်သားတွေဖြစ်တယ်မဟုတ်လား” လို့ ပြောပါတယ်။
ပကဖ မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဆရာဝန်ကိုတောင်အခုလိုဖမ်းဆီးရင် ပြည်သူတွေဆိုရင်ဘယ်လိုဖမ်းဆီးနေမလဲဆိုပြီး ဝေဖန် မေးခွန်းထုတ်ကြတာလည်းရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဒေါက်တာခင်သူသူလွင်ဟာ ပအဖ တာဝန်ယူခဲ့စဉ်က ပကဖ ဆီကနေ ငှားရမ်းထားတဲ့ သေနတ်ပြန်မပေးတဲ့ကိစ္စ၊ အခွန်ခွဲတမ်းတွေကို ပေးသွင်းခြင်း မရှိတဲ့ ကိစ္စတွေနဲ့ အမှုဖွင့်တိုင်ကြားခံထားရတာတွေရှိတဲ့အတွက် မင်းကင်းမြို့နယ် ပလဖအမှုစစ် နဲ့အဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့ အညီဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါအပြင်ကျန်းမာရေး CDM ဖြစ်တာကြောင့် ဖြစ်စဉ်အပေါ် အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ NUG CDM Success Committee အနေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဦးနေဘုန်းလတ်က ဆက်ပြောပါတယ်။
NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဒုဝန်ကြီး ဦးကျော်နီကလည်း “ ဒီအမှုကတော့ ကျနော်တို့ သိထားတာ ၂ချက်ပေါ့။ ငွေရေးကြေးရေးရယ်၊ လက်နက်ကိစ္စနဲ့ ဒီ၂ခုပေါ့။ အခုဖြစ်သွားတဲ့ကိစ္စကတော့ ရဲဘော်တွေကတော့ သူတို့က တရားခံကိုဖမ်းဆီးတဲ့ ပုံစံနဲ့ပေါ့ သူတို့သွားတာပေါ့။ တဖက်မှာကြလည်း CDMဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားတာပေါ့။ တဖက်မှာလည်း ရဲလုပ်ငန်းအရဆောင်ရွက်တာပေါ့။ ရဲဘော်တွေရဲ့ ဆောင်ရွက်ချက်ကတော့ ပုံမှန်ရဲလုပ်ငန်းအရဆိုရင် ဒါလွန်တယ်လို့ပြောလို့မရဘူးပေါ့နော်။ သို့သော် လက်ရှိအခြေအနေမှာ တော်လှန်ရေးအခြေအနေအရရော နောက်တခုက CDM ဖြစ်နေတာအရရောပေါ့။ ပြည်သူလူထုအမြင်မှာတော့ ဖမ်းဆီးပုံက ဝေဖန်စရာဖြစ်နေတာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူလူထုကိုလည်း တောင်းပန်လိုပါတယ်။ ကျနော်တို့အနေနဲ့တော့ တာဝန်ရှိတာပေါ့နော်။ တာဝန်ရှိတယ်။ဒါမျိုးတွေနောက်မဖြစ်အောင်လို့တော့ ရဲဘော်တွေကိုတော့ ဖမ်းဆီးတဲ့နည်းစနစ်တွေကိုတော့ လေ့ကျင့်ပေးသွားဖို့ရှိမယ်ပေါ့နော်” လို့ပြောပါတယ်။
ရုပ်သံမှာမြင်ရသလို ရဲဘော်တွေက ဖမ်းဆီးတာမှာညှိနှိုင်းပြီးတော့အဖမ်းခံဖို့ဆွေးနွေးခဲ့တယ်လို့ သိရပြီးနောက်ဆုံးအဆင့်မှာ အင်အားသုံးဖမ်းဆီးတာမျိုးဖြစ်သွားတာလို့သူကဆိုပါတယ်။
ပလဖရဲဘော်တွေကကျတဲ့တာဝန်ကို ဆောင်ရွက်တာဖြစ်ပေမယ့် ဖမ်းဆီးတဲ့ပုံစံ အမြင်မတင့်တယ်ပဲ ပြည်သူတွေအနေနဲ့ အမြင်အထင်လွဲစရာဖြစ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“ ပြည်သူတွေအထင်လွဲစရာဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်” လို့ NUG ပြည်ထဲရေး ဒုဝန်ကြီးကပြောပါတယ်။
မင်းကင်းမြို့ကသတင်းရင်းမြစ်တဦးက “ မြို့နယ်ပအဖတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်တုန်းက လက်နက်အချို့ သူပြန် မအပ်သေးဘူး။ နောက်ပြီးတော့ ပမာဏအများကြီးမဟုတ်ပေမယ့် ငွေရေးကြေးရေးဆိုင်ရာဖြေရှင်းဖို့တွေလည်း ရှိနေသေးတယ်။ ဖြေရှင်းဖို့အတွက် အကြိမ်ကြိမ်ဆင့်ခေါ်ပေမယ့်မဖြေရှင်းတဲ့အတွက်ဖမ်းဆီးသွားတာ” လို့ ပြောပါတယ်။
ဒေါက်တာ ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ် ပအဖတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်မှာလည်း အဓမ္မပြုကျင့်မှုနဲ့ဖမ်းဆီးထားသူတစ်ဦးကို လွဲမှားတဲ့ဆုံးဖြတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။ ဒါ့အပြင် MODလက်အောက်ခံမဟုတ်တဲ့ Local PDF တွေအပေါ် ဩဇာရှိသူလို့ ဒေသခံတချို့က ပြောပါတယ်။
“ အမျိုးသမီးကို ဖမ်းတဲ့အခါမှာ အမျိုးသမီးလုံခြုံရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေနဲ့ မဖမ်းဘဲနဲ့ ဒီဟာက အဓိကဖြစ်သွားတာပေါ့။ ဒါက ဒီဘက်က လိုအပ်ချက်ဖြစ်သွားတာပေါ့။ မြေပြင်မှာတာဝန်ထမ်းဆောင်တဲ့အခါမှာ ပလဖတွေဆိုရင် တချို့မြို့နယ်တွေမှာ အမျိုးသမီးဝန်ထမ်းမရှိတာတွေ ရှိတက်တယ်။ ဒီနေရာမှာတော့ ဘယ်လိုအားနည်းချက်ဖြစ်သွားလဲ မသိပါဘူး။ ဒါပေမယ့်လည်း နောင်ကို ဂရုစိုက်သွားရမှာပေါ့။ လုပ်ထုံးလုပ်နည်းအရတော့ အမျိုးသမီးတရားခံကို အမျိုးသမီးနဲ့ဖမ်းဆီးတာ မရှိခဲ့ဘူး။ မသင့်လျော်ဘူးပေါ့။ အဲဒါဖြစ်သွားတာပေါ့။ လုပ်ထုံးလုပ်နည်းအရတော့ မှားတယ်လို့ ပြောလို့မရဘူး။ လူထုယုံကြည်တဲ့တော်လှန်ရေးအစိုးရဖြစ်တယ်။ စကစနဲ့လည်း ကွဲလွဲသင့်တယ်လို့ လူထုက မြင်တာပေါ့နော် နောင်ကိုတော့ ဒီဟာကို ဂရုတစိုက်စိစစ်ရပါမယ်” လို့ People’s Spring ကိုပြောပါတယ်။
















































