ဒီဇင်ဘာ-၁၊၂၀၂၅။မိထက်/People’s Spring
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပအဖတာဝန်ခံဟောင်း CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သူသူလွင်ကို လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေနဲ့ အခွန်ငွေ ကျပ်သိန်းပေါင်း ၃၀၀၀ကျော် ပြန်အပ်နှံရေးအတွက် အကြိမ် ကြိမ်ညှိနှိုင်းခဲ့ပေမယ့်မရလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနက ဒီကနေ့ ဒီဇင်ဘာ၁ရက်မှာ ထုတ်ပြန်ပါတယ်။
ဒေါက်တာ ခင်သူသူလွင်ကို မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က သင်တောကျေးရွာက သူ့ဆေးခန်းမှာ နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးခဲ့တာပါ။
ဒေါက်တာခင်သူသူလွင် (ခ) ဒေါက်တာတူး (CDM ဆေးရုံအုပ်)ဟာ ၂၀၂၁ ဧပြီ ၁၁ရက်ကနေ ၂၀၂၄ စက်တင်ဘာ ၁၇ရက်အထိ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့( ဒီဇင်ဘာ ၁ရက်) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
တာဝန်ကနေရပ်နားပြီးချိန်မှာ လုပ်ငန်းဆိုင်ရာစာရင်းဇယားများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ငွေကြေးဆိုင်ရာကိစ္စတွေကို မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ လက်ရှိတာဝန်ခံထံ လွှဲပြောင်းပေးဖို့ တရားဝင်အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒေါက်တာ ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ်ပအဖတာဝန်ခံ အဖြစ်တာဝန်ထမ်းဆောင်စဉ် မင်းကင်းမြို့နယ် ပကဖကနေ ငှားရမ်းပေးထားတဲ့ AK 47 သေနတ်(၁)လက်ကို ပြန်လည်အပ်နှံခြင်းမရှိသလို၂၀၂၄ ဇန်နဝါရီမှ ဩဂုတ်အထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အခွန်ငွေ ၃၀ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သိန်း ၃၀၀၀ကျော် (၃၃၂၇၄၄၈၄၃)ကျပ်ကို ပြန်လည်ပေးအပ်ခြင်းမရှိလို့ ရာဇသတ်ကြီးပုဒ်မ (၄၀၆)၊(၄၀၉)တို့နဲ့အမှုဖွင့်ထားခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီကိစ္စတွေဖြေရှင်းဖို့ နှစ်နှင့်ချီပြီး ညှိနှိုင်းစောင့်ဆိုင်းခဲ့ပေမယ့် လာရောက်ညှိနှိုင်းဖြေရှင်းခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒေါက်တာ ခင်သူသူလွင်ကို ဖမ်းဆီးစဉ်မှာ အမျိုးသမီးရဲမေ မထည့်ပေးနိုင်ခဲ့ခြင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အပေါ်ပြည်သူလူထု စိတ်မချမ်းမြေ့မှုများဖြစ်စေခြင်းအတွက် အနူးအညွတ် တောင်းပန်အပ်ပါကြောင်းနဲ့ အမှုနှင့်ပတ်သက်ပြီး ဥပဒေအညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
“ အမျိုးသမီးကို ဖမ်းတဲ့အခါမှာ အမျိုးသမီးလုံခြုံရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေနဲ့ မဖမ်းဘဲနဲ့ ဒီဟာက အဓိကဖြစ်သွားတာပေါ့။ ဒါက ဒီဘက်က လိုအပ်ချက်ဖြစ်သွားတာပေါ့။ မြေပြင်မှာတာဝန်ထမ်းဆောင်တဲ့အခါမှာ ပလဖတွေဆိုရင် တချို့မြို့နယ်တွေမှာ အမျိုးသမီးဝန်ထမ်းမရှိတာတွေ ရှိတက်တယ်။ ဒီနေရာမှာတော့ ဘယ်လိုအားနည်းချက်ဖြစ်သွားလဲ မသိပါဘူး။ ဒါပေမယ့်လည်း နောင်ကို ဂရုစိုက်သွားရမှာပေါ့။ လုပ်ထုံးလုပ်နည်းအရတော့ အမျိုးသမီးတရားခံကို အမျိုးသမီးနဲ့ဖမ်းဆီးတာ မရှိခဲ့ဘူး။ မသင့်လျော်ဘူးပေါ့။ အဲဒါဖြစ်သွားတာပေါ့။ လုပ်ထုံး လုပ်နည်းအရတော့ မှားတယ်လို့ ပြောလို့မရဘူး။ လူထုယုံကြည်တဲ့တော်လှန်ရေးအစိုးရဖြစ်တယ်။ စကစနဲ့လည်း ကွဲလွဲသင့်တယ်လို့ လူထုက မြင်တာပေါ့နော် နောင်ကိုတော့ ဒီဟာကို ဂရုတစိုက်စိစစ်ရပါမယ်” လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဒုဝန်ကြီး ဦးကျော်နီက People’s Spring ကို ပြောပါတယ်။
ဒေါက်တာခင်သူသူလွင်ဟာ လက်ရှိမှာ မင်းကင်းမြို့နယ်က Chindwin Medical Humanitarian Network အထောက်အပံ့နဲ့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာပါ။ သူ့ကို ဖမ်းဆီးတာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့အပေါ် အဲ့ဒီအပေါ် ဒေသခံတွေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေက ဝေဖန်နေကြပါတယ်။
” စစ်ဆေးစရာရှိရင်တောင် ရဲမေတွေနဲ့ လာခေါ်ရမယ်။ အခုက ရုပ်ဆိုးတယ်။ ဒါကို NUG အစိုးရအနေနဲ့ အဖြစ်မှန် အမြန်ဆုံးရှင်းဖို့ လိုအပ်တယ်” လို့ စစ်ကိုင်းတိုင်းက CDM သူနာပြုတစ်ဦးက ပြောပါတယ်။
ဒီနေ့ ညနေပိုင်းမှာတော့ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာ ဦးဇော်ဝေစိုးက ဒေါက်တာ ခင်သူသူလွင်ကို အွန်လိုင်းကတဆင့် ဗီဒီယိုနဲ့ဆက်သွယ်ပြီး နှစ်သိမ့်စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်
အဆင်ပြေစွာပြောကြားခဲ့ကြပြီး ဆရာမ ဒေါ်ခင်သူသူလွင်အနေနဲ့ တစုံတရာစိတ်သက်သာမှုရရှိခဲ့တယ်လို့ယူဆကြောင်း ဒေါက်တာဇော်ဝေစိုးကပြောတယ်လို့ ဝါရင့်သတင်းစာဆရာ ဦးခင်မောင်စိုးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် NUG စစ်ကိုင်းတိုင်းကျန်းမာရေးတာဝန်ခံကလည်း ဒေါက်တာခင်သူသူလွင်ကို ဒီနေ့မှာ လူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
















































