ဒီဇင်ဘာ – ၁ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
မြ၀တီမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာထိုင်း-မြန်မာနယ်စပ်သောင်ရင်း မြစ်နားမှာရှိတဲ့ မင်းလက်ပံရွာကို သိမ်းယူနိုင်ဖို့ အတွက် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက အင်အားအလုံးအရင်းနဲ့ စတင်ထိုးစစ်ဆင်လာတာကြောင့် KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ က မြ၀တီမြို့အနီးရှိ လေးကေကော်မြို့သစ်နဲ့ ဗျူဟာကုန်း(စွယ်တော်ကုန်း)တို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့နောက် မြ၀တီမြို့တောင်ဘက် မြ၀တီ-ဝေါ်လေ လမ်းပိုင်းမှာရှိတဲ့ အင်းကြင်းမြိုင်နဲ့ မင်းလက်ပံရွာတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ထိုင်း – မြန်မာ နယ်စပ်နားက အင်ကြင်းမြိုင်ရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းလက်ပံရွာကို ဦးတည်ကာ စစ်ကြောင်း နှစ် ကြောင်းနဲ့ ဆက်လက်ထိုးစစ်ဆင်ပါတယ်။

Public Service Announcement
အင်ကြင်းမြိုင်ရွာကနေတဆင့် မင်းလက်ပံရွာဘက်ကို စစ်ကြောင်းတစ်ကြောင်း ထိုးလာနေသလို လေးကေကော်မြို့တောင်ဘက် ရသေ့ဂူဘက်နေလည်း စစ်ကြောင်းတစ်ကြောင်းနဲ့ ထိုးလာနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
နိုဝင်ဘာ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအကြိမ်တိုင်းမှာ မင်းလက်ပံရွာအနီးကို ရောက်ရှိလာခဲ့ပေမယ့် KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ရဲ့ ခုခံတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုအများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်မှာတော့ မင်းလက်ပံရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNUတို့ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် မင်းလက်ပံရွာမှာအခြေစိုက်ထားတဲ့ ဗိုလ်မှူးကြီးနိုင်လွင်ဦးဆောင်တဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)က KNU ပူးပေါင်းတပ်တို့ကို စတင်ပစ်ခတ်ခဲ့ရာကနေ နှစ်ဖက်ပစ်ခတ်မှု ခဏတာဖြစ်ပွားခဲ့ပြီး DKBA ထိန်းချုပ်ထားရာနေရာကို KNUက ဝင်ရောက်စီးနင်းကာ သိမ်းပိုက်လိုက်ပါတယ်။
မင်းလက်ပံရွာက DKBA တပ်စွဲထားရာနေရာကို ဝင်ရောက်စီးနင်းရာမှာတော့ အွန်လိုင်းလောင်းကစားလိမ်လည်မှု(ကျားဖြန့်) လုပ်ကိုင်နေသူထောင်ချီတွေ့ရှိရပြီး DKBA တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကိုလည်း လက်နက်နဲ့တကွ ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မင်းလက်ပံရွာက DKBA ရဲ့ အကာအကွယ်အောက်မှာရှိတဲ့ ကျားဖြန့်စင်တာကို KNU ကဝင်ရောက်စီးနင်းပြီး အဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာတော့ စစ်ကောင်စီတပ်က KNU တပ်တွေရှိနေတဲ့ မင်းလက်ပံရွာထဲကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။
ဒါ့အပြင် မြေပြင်ကနေလည်း အင်ကြင်းမြိုင်ကနေတဆင့် စစ်ကြောင်းထိုးလာခဲ့ရာ နိုဝင်ဘာ ၂၉ နဲ့ ၃၀ ရက်နေ့က တနေကုန်တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး တိုက်ပွဲကြောင့် နယ်ခြား သောင်ရင်းမြစ် တဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောင်မြို့ ၊ မဲ့ကိုကင်းရွာထဲကိုလက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ပြီးအချက်ပြမီးခိုးဗုံးတွေလည်း ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့က ထိုင်းဘက်ခြမ်း မဲ့ကိုကင်းရွာ နယ်စပ်အနီးမှာ နေထိုင်တဲ့ မြန်မာစစ်ရှောင်တန်းလျားအဆောက်အဦးအပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်က KNU ပူးပေါင်းတပ်တွေရှိနေတဲ့ မင်းလက်ပံရွာကို အပြင်းအထန် တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KNUရဲ့ သဘောထားကို သိရဖို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီအထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
ဒေသခံကရင်သတင်းရင်းမြစ်တစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ မင်းလက်ပံရွာကို အပြင်းအထန်ထိုးစစ်ဆင်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ခုလိုပဲ ပြောပါတယ်။
“ ပထမဆုံး သူတို့(စစ်တပ်)ဆုံးရှုံးနယ်မြေပြန်လိုချင်တာ၊ ဒုတိယက တရားမဝင်ရွေးကောက်ပွဲကို သူတို့စိုးမိုးဒေသမှာပြုလုပ်ပြီး နိုင်ငံတကာကိုပြသချင်တာ၊ တတိယက ကျားဖြန့်ကို အယောင်ပြနှိမ်နင်းပြီး အကျိုးမြတ်ရှာချင်တာ” လို့ သူက သုံးသပ်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲမတိုင်ခင် မြ၀တီတောင်ပိုင်းဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေပြီး ကျားဖြန့်တိုက်ဖျက်ရေးအတွက်ဆိုပြီး DKBA ထိန်းချုပ်ထားတဲ့ ကျောက်ခက်နယ်မြေကိုလည်း ရှင်းလင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
ကျောက်ခက်နယ်မြေကို ရှင်းလင်းလုပ်ဆောင်သွားဖို့ကိုလည်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၁) မှာ ကရင်ပြည်နယ်ထဲက မြ၀တီမြို့နယ်လည်း ပါဝင်နေပြီး မြ၀တီမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပေမယ့် မြ၀တီမြို့ တောင်ဘက်ဒေသ အားလုံးနီးပါးမှာတော့ စစ်ကောင်စီတပ်က မထိန်းချုပ်နိုင်သေးသလို မြ၀တီမြောက်ဘက်ဒေသတွေမှာလည်း ကရင်နယ်ခြားစောင့်တပ် BGF က ထိန်းချုပ်ထားပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့ သုံး ဖွဲ့ဖြစ်တဲ့ နယ်ခြားစောင့်တပ် BGF၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBAနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA PC ကတော့ စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ထောက်ခံကူညီပေးမယ်လို့ ပူးတွဲကြေညာချက်ထုတ်ပြန်ထားတာလည်း ရှိပါတယ်။
















































