ဒီဇင်ဘာ-၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က နိုဝင်ဘာလမှာ နိုင်ငံတဝန်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၀၀ ကျော်ပြုလုပ်ခဲ့ရာ ပြည်သူ ၁၄၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် ဘက်ပေါင်းစုံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ပြီး အသိပေးထုတ်ပြန်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်အထိ ရရှိထားတဲ့ အချက်အလက်တွေကို အသိပေးခဲ့တာပါ။
စစ်တပ်အာဏာသိမ်းချိန်မှ အခု ၂၀၂၅ နိုဝင်ဘာလကုန်အထိ စစ်အုပ်စုရဲ့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ ရှိပြီး သေဆုံးသူ ၄၄၇၀ ဦးရှိတယ်လို့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလကုန်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အရေအတွက်ဟာ အကြိမ်ပေါင်း ၃,၉၉၉ ကြီရှိခဲ့တာကြောင့် နိုဝင်ဘာလမှ စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂၀၁ကြိမ်ရှိခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်အထိ လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးပြည်သူ အရေအတွက်ဟာ ၄၃၂၂ဦး ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၈ ဦး ထပ်မံသေဆုံးခဲ့ရတာကို ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
” လက်ရှိမှာဆိုရင် အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲအတွက်အားစိုက်ပြင်ဆင်နေပြီး တဖက်မှာလည်းအကြမ်းဖက်မှုတွေကိုပိုပြီးအရှိန်မြှင့်လုပ်ဆောင်နေတယ်ဆိုတာလပိုင်းအတွင်းမြင့်တက်လာတဲ့အကြမ်းဖက်မှုကိန်းဂဏန်းတွေအရသိနိုင်ပါတယ်။” လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်ခံရလို့ စာသင်ကျောင်း ၄၁၀ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၃၉ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၆၂၁ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်ရာမှာ တိုက်လေယာဉ်၊ လေယာဉ် အသုံးပြုတိုက်ခိုက်တာအပြင် ဒရုန်း၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာ တွေအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းဖို့ စတင်ကြိုးစားချိန်ကစပြီးလက်ရှိအချိန်ထိအကြမ်း ဖက်စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ်ကျူးလွန်တဲ့ဖြစ်စဉ်တွေဟာ ကိန်းဂဏန်းတွေအရ ဆက်တိုက်တိုးလာတဲ့အပြင် မရပ်တန့်ဘဲဆက်ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထားပါတယ်။
စစ်ကောင်စီဟာ တရားမဝင်ရွေးကောက်ပွဲကို ကြိုးပမ်းနေတာနဲ့အမျှ မြေပြင်မှာလူထုအပေါ် အကြမ်းဖက်မှုတွေလည်း ဆက်တိုက်တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ တရားမဝင်ရွေးကောက်ပွဲဥပဒေကို အသက်သွင်းပြီးလူထုကို ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို အကြောက်တရားရိုက်သွင်းပြီး အတုအယောင်ရွေးကောက်ပွဲကို ပုံဖော်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။














































