ဒီဇင်ဘာ-၃၊၂၀၂၅။ရှိန်း/People’s Spring
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံး ရှေ့က စက်ဘီး၊ဆိုင်ကယ် ဖြတ်သန်းခွင့်ပိတ်ထားတဲ့လမ်းကို မှားပြီး ဝင်မိတဲ့သူ တွေကို ရဲတွေက ငွေကျပ်သုံးသိန်းကနေငါးသိန်းအထိ တောင်းယူ နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၇၃လမ်း၊၁၀၁(သိပ္ပံ)လမ်းနေ ၁၀၆ လမ်း ၊Ocean ဈေးဝယ်စင်တာကိုသွားတဲ့လမ်းမှာ တရုတ် ကောင်စစ်ဝန်ရုံးရှိတာပါ။
အဲဒီကောင်စစ်ဝန်ရုံးကို ၂၀၂၄ အောက်တိုဘာ ၁၈ ရက်ညနေပိုင်းမှာဗုံးဗစ်ခံရပြီးနောက်ရုံးအရှေ့လမ်းတင်မကဘဲ မှတ်တိုင် ၅ ခုလောက်အထိနဲ့ မျက်နှာသာလမ်း အကုန်ဖြတ်သန်းခွင့်ပိတ်လိုက်တာ၂နှစ်နီးပါးကြာပြီလို့မြို့ခံတွေကပြောပါတယ်။

Public Service Announcement
“စပြီး ပိတ်တုန်းကကား၊ဆိုင်ကယ်၊စက်ဘီး အကုန်ပိတ်ထားတာ။အခုက သူဌေး တွေကဝိုင်းပြောကြ တော့ ကားသွားခွင့်ကို လမ်းကြောတခုထဲမှာပဲ ပေးပြီး ကျန်တာပိတ်ထားတာ။လုံခြုံရေးကလည်း အများကြီးချထားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
အဲဒီလမ်းကို ပိတ်ထားမှန်းမသိဘဲယောင်မှားပြီး ဝင်မိတဲ့ သူတွေကိုကျပ် ၃သိန်းကနေ၅သိန်းအထိ တောင်းပြီး မပေးရင် ထောင်ချမယ်၊ဆိုင်ကယ်သိမ်းမယ်တို့ခြိမ်း ခြောက်တယ်လို့ မြို့ခံ တွေကပြောပါတယ်။
“အဲဒီလမ်းက ၃သိန်းတန်လမ်းပါ။မှားဝင်မိရင် ဘယ်လောက်ညှိညှိ ၃သိန်းတောင်းတာ”လို့ မြို့ခံတဦးက ပြောပါတယ်။
တရုတ်ကောင်စစ်ဝန်ရုံးမှာဂျန်ဘာများစွာလည်းတပ်ဆင်ထားပြီး အဲဒီရှေ့ရောက်ရင် GPS နဲ့ Bluetooth ချိတ်ဆက်မှု တွေအကုန်လည်းပြတ်တယ်လို့ ဆိုပါတယ်။


















































