ဒီဇင်ဘာ-၃၊၂၀၂၅ ၊ မိုမို/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မနေ့က(ဒီဇင်ဘာ ၂ ရက်)က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲက ထိပ်တိုက် ပစ်ခဲ့ကြတာ။ဘယ်လောက်တောင်နီးသလဲဆို ပေ ၁၀၀ မကျော်ဘူး။ စကစ တွေသေတာပိုများပါတယ်”လို့ တောင်သာမြို့နယ်က တိုက်ခိုက်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒီဇင်ဘာ ၂ရက်က အရှေ့ဘက်တဲရွာတိုက်ပွဲအတွင်းမှာ ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။ဒါပေမယ့် လက်ရှိစစ်ရေးအခြေအနေတွေကို အတည်မပြုနိုင်သေးဘူးလို့ တောင်သာမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
“အခုချိန်ထိ စစ်ရေးက ရှုပ်ထွေးနေဆဲပဲ”လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က တောင်သာ-နွားထိုးကြီးလမ်းပိုင်းနဲ့ တောင်သာ- ရုံးစည်ကြီး-မိတ္ထီလာလမ်းပိုင်းကို ဒီဇင်ဘာ ၁ ရက်ကစပြီး စစ်ကြောင်းထိုး တပ်စွဲတာတွေ လုပ်နေပါတယ်။
ဒါ့အပြင် ကျေးရွာအချို့ကို မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းတွေ ယူဆောင်နေတယ်လို့ တောင်သာမြို့နယ်လူထုလှုပ်မှု ကော်မတီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် တောင်သာ-နွားထိုးကြီး လမ်းပိုင်းနဲ့ တောင်သာ- ရုံးစည်ကြီး-မိတ္ထီလာလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ရက်အကန့်သတ်မရှိ သွားလာခွင့် ပိတ်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လာမယ့်ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ မြင်းခြံ၊နွားထိုးကြီးနဲ့ တောင်သာ မြို့နယ်တွေကို အောက်တိုဘာကတည်းက စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။


















































