Connect with us

Hi, what are you looking for?

သတင်း

KNU ဖမ်းဆီးထားတဲ့ငွေလိမ်ခြံဝင်းရှိရာမင်းလက်ပံဒေသမှာ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မင်းလက်ပံဒေသ အပါအဝင် မြဝတီတောင်ပိုင်းမှာ တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေပြီး စစ်ကောင်စီပူးပေါင်းတယ် အထိနာနေတယ်လို့ တော်လှန်ရေးရဲဘော်နဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

▪️စစ်တပ်က BGFနဲ့ ပူးပေါင်းပြီး အပြင်းအထန် ထိုးစစ်ဆင်၊ စစ်တပ်ပူးပေါင်းတပ် အထိနာနေ

▪️လူဦးရေ ၂၆၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးထား

ဒီဇင်ဘာ-၃၊၂၀၂၅။ဆန်အောင်/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မင်းလက်ပံဒေသ အပါအဝင် မြဝတီတောင်ပိုင်းမှာ တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေပြီး စစ်ကောင်စီပူးပေါင်းတယ် အထိနာနေတယ်လို့ တော်လှန်ရေးရဲဘော်နဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်းလက်ပံဒေသမှာ မြေပြင်လုံခြုံရေးအခြေအနေဟာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုဆိုးရွာလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မင်းလက်ပံဧရိယာဘက်ကို စစ်ကြောင်းနှစ် ကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်လာ​နေတယ်အသိပေးပါတယ်။

KNU ရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းနဲ့ ဆိုင်တဲ့ ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂ရက်ညပိုင်းက ထုတ်ပြန်ခဲ့ရာ KNU သိမ်းထားတဲ့ Shunda Park Scam Compound မင်းလက်ပံ (ဖလူး) နဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေ၊ မင်းလက်ပံဒေသ စစ်ရေး အခြေအနေတွေကို အသိပေးထားတာပါ။

မင်းလက်ပံဒေသက ငွေလိမ်ခြံဝင်းဟာ စစ်ကောင်စီနဲ့အတူတိုက်ပွဲဝင်နေတဲ့ DKBAတပ်ဖွဲ့က အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီငွေလိမ်ခြံဝင်းကို KNUက နိုဝင်ဘာ နောက်ဆုံးပတ်မှာ တိုက်ခိုက်စီးနင်းပြီး ခြံဝင်းအတွင်းက သူတွေကို ဘေးကင်းရာကယ်ထုတ်တာ၊ ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေ နိုင်ငံတကာကို ဖိတ်ခေါ် ဆောင်ရွက်တာ လုပ်ဆောင်နေတာပါ။

မင်းလက်ပံဒေကို စစ်ကောင်စီဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ အပြင်းအထန် ထိုးစစ် ဆင်လာပြီး Scam ခြံဝင်နဲ့ အနီးအနားနေရာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာ လုပ်ဆောင်နေကြောင်း ဖော်ပြပါတယ်။

စစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ရင်းအချို့နဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတယ်လို့ မင်းလက်ပံဒေသတိုက်ပွဲမှာပါဝင်နေတဲ့တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“စကစတော့ BGFနဲ့ ပေါင်းချတာ သူတို့ထိခိုက်မှုရှိတယ်”လို့ ရဲဘော်က ပြောပါတယ်။ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ် အထိနာနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

​ဒေသခံတဦးက​လည်း KNLA နဲ့ပူး​ပေါင်းတပ်ကိုတိုက်တဲ့အထဲမှာ DKBA တပ်ဖွဲ့ဝင်​ယူနီ​ဖောင်းဝတ်ထားသူ​တွေပါ ပါတယ်လို့​ပြောပါတယ်​။

နိုဝင်ဘာ ၃၀ ရက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ စစ်အာဏာရှင် အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ် ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီး ကျည် ၃လုံး scam ခြံဝင်းအတွင်းနဲ့ ခြံဝင်းထဲက လူတွေကို နေရပ် ပြန်ဖို့ ရွှေ့ပြောင်းနေတဲ့ သောင်းရင်းမြစ် သံသောင်ပြင်ပေါ် နေရာကို ကျရောက်ခဲ့တယ်လို့ KNUက ဆိုပါတယ်။

ဒါပေမဲ့ အဆောက်အအုံနဲ့ လူထိခိုက်မှုမရှိခဲ့ဟုလည်း KNUက ထုတ်ပြန်ပါတယ်။

KNU အနေနဲ့ Shunda Park Scam ခြံဝင်းမှ နိုင်ငံခြားသားတွေကိုထိုင်းနိုင်ငံ အာဏာပိုင်တွေက တဆင့် နေရပ်နိုင်ငံတွေဆီကိုလွှဲပြောင်းပေးတဲ့ အခြေအနေတွေ၊ ငွေလိမ်ခြံဝင်းက ထွက်ခွာလိုခြင်းမရှိသူတွေရဲ့ အခြေအနေတွေကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ထိုးစစ်ကြောင့် မင်းလက်ပံဒေသ လုံခြု့ရေး အချိန်နဲ့အမျှ ပိုမိုဆိုးရွာလာပေမယ့် နိုဝင်ဘာ ၃၀ရက်နေ့အထိ အချက်အလက်တွေအရ ငွေလိမ်ခြံဝင်းအတွင်း ကျနေသူ ၁၀၀၆ ဦး အနက် ခြံဝင်းက ထွက်ခွာလိုခြင်းမရှိဟု ဖြေကြားသူ ၉၄၂ဦး ရှိတယ်လို့ အသိပေးထားပါတယ်။

အဲဒီထဲမှာ လူဦးရေ ၉၃၁ ဦးဟာ တရုတ် နိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့ ၁၁ဦးက ကာဇက်စတန်၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဗိယက်နမ်နဲ့ လာအို တို့က ဖြစ်တယ်လို့ ဆိုပါတယ်။

“လူတွေက အကုန်မပြန်သေးဘူး။ မပြန်တာက သူတို့ ဟိုမှာ ပြန်လို့ရှိရင်လည်း သူတို့ကို အရေးယူမယ်နဲ့ထင်တယ်။အများဆုံးက တရုတ်တွေပဲလေ။ နောက်တခုက ဒီမှာ အလုပ်လုပ်တာ ပိုပြီး ပိုက်ဆံရတဲ့သဘော” လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

ငွေလိမ်ခြံဝင်းက မပြန်လိုကြောင်း ဖြေကြားသူတွေရဲ့ အရေးကိစ္စကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ခြံဝင်းထဲက ထွက်ခွာဖို့ ဆန္ဒရှိကြောင်း ဖြေကြားသူတွေကိုတော့ မြေပြင်အဖွဲ့က နိုဝင်ဘာ ၃၀ရက်နေ့မှာပဲ ငွေလိမ်ခြံဝန်း ပြင်ပသို့ ဘေးကင်းစွာ ရွှေ့

ပြောင်းပေးခဲ့ပြီး သောင်ရင်းမြစ်ကမ်းနံဘေးသို့ ပို့ဆောင် ပေးထားကြောင်း အသိပေးပါတယ်။

ဒါကြောင့် နောက်ဆုံးစာရင်းအရ ငွေလိမ်ခြံဝင်းက ထွက်ခွာလိုခြင်းမရှိသူ ၉၄၂ ဦး ကျန်နေသေးကြောင်း KNUက အသိပေးထားပြီး အဲဒီသူတွေအပြင် စာရင်းမပေးသူ တွေ ကျန်နိုင်တယ်လို့ယူဆကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မင်းလက်ပံဒေသရဲ့ လုံခြုံရေးအခြေအနေတွေဟာ ပိုဆိုးလာလို့ ခြံဝင်း မှာ ကျန်နေသူတွေ ဘေးကင်းလုံခြုံရေးအတွက် အာမခံနိုင်ဖို့ အလွန်ပင်ခဲယင်းလာမယ်လို့လည်းKNUကအသိပေးထားပါတယ်။

“မိမိတို့အနေနှင့် မြေပြင်မှ အရပ်သားဝန်ထမ်းများနှင့်စစ်ဘေးဒဏ်သင့်ပြည်သူအများ၏ဘေး ကင်းလုံခြုံရေးကို အဓိကထား ဦးဆောင်ပေးဆောင်ရွက်ရမည့် အခြေအနေသို့ မဖြစ်မနေရောက်ရှိလာ မည် ဖြစ်သည်” လို့လည်း KNUက ထုတ်ပြန်ထားပါတယ်။

ခြံဝင်းက ပြင်ပသို့ ခေါ်ထုတ်ပေးခဲ့သူတွထဲက ၁၇၇ ဦးဟာ နိုင်ဝင်ဘာ ၃၀ရက် နေ့လည်ပိုင်းကတည်းကသူတို့ရဲ့ နေရင်းနိုင်ငံသို့ ပြန်ပို့ဖို့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရဲ့ လက်ခံမှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းလည်း KNU က အသိပေးထားပါတယ်။ အဲဒီ ၁၇၇ဦးထဲမှာ တရုတ် ၁၀၆ ဦး ပါဝင်ပြီး အိန္ဒိယ ၊ ကင်ညာ၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဗီယက်နမ် တို့ လည်းပါဝင်တယ်လို့ဆိုပါတယ်။

စာရင်းချုပ်အရ KNUနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ငွေလိမ်ခြံဝင်းထဲက ထွက်ခွာလိုကြောင်း အတိအလင်း ပြောခဲ့သူ အားလု့းကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

ငွေလိမ်ခြံဝင်းမှာ စာရင်းကောက်ယူခဲ့သူ စုစုပေါင်း ၃၅၈၂ ဦးအနက် ငွေလိမ်ခြံဝင်းကထွက်ခွာလိုကြောင်း ပြောဆိုခဲ့သူ ၂၆၄၀ ဦးကို ဘေးကင်း စွာ ခေါ်ထုတ်ပေးနိုင်ခဲ့ရာ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၁၃၃၃ ဦး ကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးဖို့စီစဉ်ပြီးဖြစ်သလို တရုတ်အပါအဝင် နိုင်ငံစုံက လူတွေကိုလည်း ထိုင်းအာဏာပိုင်တွေထံ ဘေးကင်းစွာ လွှဲပြောင်းပြီးကြောင်း KNUက အသိပေးပါတယ်။

အဲဒီလို ဘေးကင်းစွာ လွှဲပြောင်းရာမှာ မလွှဲပြောင်းမီ သောင်ရင်းမြစ်ကမ်းသဲသောင်မှာ ယာယီရှိနေစဉ် KNU ဒူးပလာယာခရိုင် ခေါင်းဆောင်တွေက ငွေလိမ်ခြံဝင်းက ထွက်ခွာလာသူတွေအတွက်အမိုးအကာ၊ အစားအစာ တွေ ပံ့ပိုးပေးခဲ့ပြီး လက်ရှိအထိ သောင်တင်နေသူတွေကိုလည်း KNU မြေပြင် အဖွဲ့က ပံ့ပိုးပေးထားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ငွေလိမ်ခြံဝင်းအတွင်းမှာလည်း အစားအသောက် ပြတ်လပ်လာလို့ နိုဝင်ဘာ ၂၉ရက်က စပြီး KNU ဘက်က အစားအသောက် စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၂၉ရက်မှာ ထမင်းဘူး ၁၀၀၀ စီစဉ်ပေးခဲ့ရာ ၆၇၈ ဦးသာလာရောက်ယူခဲ့ကြောင်းလည်း အသိပေးပါတယ်။နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း ဝင်းအတွင်း ကျန်ရှိနေသူတွေကို ထမင်းဘူး ဆက်လက်ပံ့ပိုးပေးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ