ဒီဇင်ဘာ-၃၊၂၀၂၅။မိထက်/People’s Spring
မိုးမိတ်မြို့အတွင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေက နေအိမ်တွေထဲမှာတပ်စွဲနေပြီး ဒေသခံတွေကိုလည်း မြို့ထဲပြန်ဝင်ကြဖို့ ဖိအားပေးနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ ရပ်ကွက်တွေက နေအိမ်အများစုမှာ ရှိနေတယ်လို့ မြို့ပြင်ဖက်မှာ စစ်ရှောင်နေရသူတစ်ဦးက ပြောပါတယ်။
” ကျမတို့ ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ ဗျူဟာမှူးကဝင်နေတယ်။ အိမ်တော်တော်များကို ဝင်နေကြတာ။ နောက်ပြီးတော့ မြို့ကနေထွက်သွားတဲ့သူတွေကို ပြန်လာခိုင်းနေတယ်။ မပြန်ရဲကြဘူး”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ၂၅ရက် နေ့လယ်ပိုင်းကစပြီး မိုးမိတ်မြို့အတွင်း ကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။မိုးမိတ်မြို့ပေါ်မှာ ရပ်ကွက် ၁၀ခုရှိပြီး ဒေသခံသုံးပုံနှစ်ပုံဟာ မြို့ကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
“နေ့တိုင်း လေယာဉ်ဝဲတယ်။ တိုက်ပွဲဖြစ်မှာဆိုတဲ့ သတင်းတွေကလူတိုင်းပြောနေကြတယ်”လို့ ဒီနေ့ဒီဇင်ဘာ ၃ရက် အခြေအနေကို မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးမိတ်မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်နဲ့လည်းဆက်စပ်နေပါတယ်။ မိုးမိတ်မြို့နယ်အနီးမှာ KIA တပ်ရင်း(၃၄)ရှိနေပြီး လက်ရှိအချိန်အထိ စစ်ရေးပြင်ဆင်ထားမှုမရှိပေမယ့် အကယ်၍ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုရင် အကူအညီပေးသွားဖို့ ရှိမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။
နိုဝင်ဘာ ၃၀ရက်ကလည်း မိုးကုတ်နဲ့မိုးမိတ်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။


















































