ဒီဇင်ဘာ-၃၊ ၂၀၂၅။ People’s Spring
သြစတြေးလျအထက်လွှတ်တော်ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းဖော်ထုတ်တဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
အဲဒီကော်မတီဟာ ဒီဇင်ဘာမှာစတင်ကျင်းပဖို့ စီစဥ်ထားတဲ့ စစ်ကောင်စီရွေးကောက်ပွဲတွေကို အသေးစိတ်စောင့်ကြည့်သုံးသပ်မှာဖြစ်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီနည်းကျအရပ်သားအစိုးရပြန်ဖြစ်ဖို့ အတားအဆီးတွေကိုလည်း ဖော်ထုတ်မယ်လို့ အထက်လွှတ်တော်အမတ်ဒင်းန်စမစ်က ထုတ်ပြန်ပါတယ်။
“အထက်လွှတ်တော်ရဲ့ စုံစမ်းဖော်ထုတ်မှုဟာ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ မီးမောင်းထိုးပြမှာဖြစ်ပြီး သြစတြေးလျရဲ့ တုန့်ပြန်မှုဟာ အပေါ်ယံမဟုတ်ဘဲ မူပေါ်မှာ အခြေခံမယ်ဆိုတာ သေချာပါတယ်”လို့ အထက်လွှတ်တော်အမတ်ဒင်းန်စမစ်က ပြောပါတယ်။

Public Service Announcement
စုံစမ်းဖော်ထုတ်မှုတွေကတဆင့် သြစတြေးလျအထက်လွှတ်တော်ဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ ဆင်ဆာစနစ်တွေ လုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုတွေအပါအဝင် အစီအမံတွေ ချမှတ်ဖို့၊ နိုင်ငံပိုင်နဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ဘဏ်တွေကို ပိုမိုတင်းကျပ်တဲ့အတားအဆီးတွေ လုပ်ဆောင်ဖို့ ချင့်ချိန်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်ကောင်စီနဲ့မဟုတ်ဘဲ ယုံကြည်စိတ်ချရဲ့ နယ်စပ်ဖြတ်ကျော်ဝင်ထွက်ပေါက်တွေကတဆင့် လူသားချင်းစာနာမှုအကူအညီတိုးမြှင့်ပေးနိုင်ဖို့လည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စုံစမ်းဖော်ထုတ်ရေးကော်မတီဟာ သြစတြေးလျအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် အလုပ်လုပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေသွားမယ်လို့ သိရပါတယ်။ နောက်ပြီး သြစတြေးလျနိုင်ငံသားတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ တရားမဝင်ကွန်ရက်တွေကို တန်ပြန်ဖို့ အခွင့်အလမ်းတွေကိုလည်း ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
ဒီစုံစမ်းဖော်ထုတ်ရေးကော်မတီဟာ သြစတြေးလျရဲ့ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့ကိုက်ညီပြီး သြစတြေးလျရဲ့တုန့်ပြန်မှုဟာ အားကောင်းခိုင်မာ၊ ရှေ့နောက်ညီညွတ်ကြောင်း ပြသတဲ့ အရေးကြီးတဲ့ နောက်ထပ်ခြေလှမ်းဖြစ်တယ်လို့ အထက်လွှတ်တော်အမတ်ဒင်းန်စမစ်က ထုတ်ပြန်ပါတယ်။
အထက်လွှတ်တော်အမတ်ဒင်းန်စမစ်ရဲ့ကမကထပြုမှုနဲ့ဖြစ်ပေါ်လာတဲ့ ဒီစုံစမ်းဖော်ထုတ်ရေးကော်မတီဟာ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကူးသန်းရောင်ဝယ်ရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီနဲ့ ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၆ ဖေဖော်ဝါရီ ၂၆ရက်မှာ တွေ့ရှိချက်တွေကို အစီရင်ခံမယ်လို့ လျာထားကြောင်း သိရပါတယ်။
အဲဒီအစီရင်ခံရမယ့် နောက်ဆုံးရက်မတိုင်မီမှာ ကော်မတီဟာ အဆိုပြုလွှာတွေကို အခုအချိန်ကစလို့ လက်ခံသွားမှာဖြစ်သလို အများပြည်သူဆိုင်ရာကြားနာမှုတွေလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။


















































