ဒီဇင်ဘာ-၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားလုံကျေးရွာအနီး စခန်းချလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို အခု ဒီဇင်ဘာလဆန်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောပါတယ်။
ဖလမ်းနဲ့ တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီတပ် ထိုးစစ်ဆင်လာလို့ လတ်တလော စစ်ရေး အခြေအနေကို မေးမြန်းရာ ချင်းသတင်းရင်းမြစ်က အခုလိုပြောပြတာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့နယ် ဗားလုံရွာမှာ စခန်းချ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

Public Service Announcement
လတ်တလော တိုက်ပွဲမရှိပေမယ့် အဲဒီဒေသမှာ ချင်းအမျိုးသားတပ်မတော်(CNF/CNA)နဲ့ CNDF ပူးပေါင်းပြီးမှ စစ်လှုပ်ရှားတာ၊ စစ်ကောင်စီကို တားဆီးခုခံတိုက်ခိုက်တာတွေလုပ်ဆောင်နေလို့ ရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်လာနိုင်ကြောင်း ချင်းသတင်းရင်းမြစ်က ပြောပါတယ်။
CNA ဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင် ဖြစ်သလို CNDFဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပါတယ်။
“နိုင်ငံရေးလား အဲဒါအမြင်မတူပေမယ့် စစ်ရေးမှာ ဆိုရင်တော့ အတူတကွ ပူးပေါင်းတိုက်ပွဲဝင်နေတယ်ဆိုတော့ အဲဒါကကောင်းတဲ့ဟာဖြစ်ပါတယ်” လို့ ချင်းသတင်းရင်းမြစ်က ချင်းပြည်ကောင်စီ နဲ့ ချင်းညီနောင်အကြား မပြေလည်မှု အချို့ရှိပေမယ့် စစ်ကောင်စီကို ပူးပေါင်းခုခံနေတဲ့အပေါ် မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းပြည်မြောက်ပိုင်း ဒေသတွေကို အောက်တိုဘာလကုန်ပိုင်းကစပြီး မြေပြင်၊ လေကြောင်း စစ်အင်အားဖြည့် ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
တီးတိန်မြို့ကို လေကြောင်းနဲ့ စစ်အင်အား အကြိမ်ကြိမ်ဖြည့်တင်းခဲ့တာပါ။ ထို့နောက် နိုဝင်ဘာလဆန်းမှာ ခိုင်ကမ်းဘက်မှ သိုင်းငင်းဘက်သို့ ဦးတည် စစ်ကြောင်းထိုးသလို တီးတိန်မှ သိုင်းငင်းဘက်သို့နောက်ထပ် စစ်ကြောင်း ထိုး စစ်ရေးလှုပ်ရှားခဲ့တာပါ။ ဒါ့အပြင် ကလေးတောင်ပိုင်း မှဝေဘူလ-ဖလမ်း မြို့ဘက်သို့လည်း ဦးတည်စစ်ကြောင်းထိုး လှုပ်ရှားခဲ့ပါတယ်။
ချင်းပြည်အဝင် နေရာစုံက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ချင်းပြည်တပ်ပေါင်းစုက ခုခံခဲ့ပေမယ့် အင်အားမမျှလို့ နေရာအချို့ လက်လွှတ်ခဲ့ရကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF စီးယင်းတပ်ဖွဲ့က အသိပေးထားပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်သူတွေ အများအပြားရှိသလို ချင်းတော်လှန်ရေးရဲဘော်တွေဘက်ကလည်း ကျဆုံးမှုရှိခဲ့ကြောင်း အသိပေးထားပါတယ်။


















































