Connect with us

Hi, what are you looking for?

သတင်း

ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေး ကော်သူးလေရာသီဥတုလုပ်ဆောင်ချက် အစီအစဉ်ကို နိုင်ငံတကာ ပံ့ပိုးပေးဖို့ KNU တောင်းဆို

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနဲ့ ဌာနေတိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ ကော်သူးလေရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက် အစီအစဉ် (K-CAP) ကို ပံ့ပိုးပေးဖို့ KNUက တောင်းဆိုလိုက်ပါတယ်။

ဓါတ်ပုံ-K-CAP

ဒီဇင်ဘာ-၅၊၂၀၂၅။ဆန်အောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနဲ့ ဌာနေတိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ ကော်သူးလေရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက် အစီအစဉ် (K-CAP) ကို ပံ့ပိုးပေးဖို့ KNUက တောင်းဆိုလိုက်ပါတယ်။

KNU ဗဟို သဘာဝသယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီရဲ့ကော်သူးလေရာသီဥတုဆိုင်ရာလုပ်ငန်းအစီအစဉ် (KawthooleiClimate Action Plan – K-CAP) ကို ဒီဇင်ဘာ ၄ရက်မှာမိတ်ဆက်ခဲ့တာပါ။ အရှေ့တောင်အာရှကျွန်းဆွယ်ရှိကျန်ရှိနေသေးတဲ့အကောင်းဆုံးသစ်တောတွေကို ကာကွယ်ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေကြောင်း၊ ကော်သူးလေနဲ့ အခြားဒေသရှိ တိုင်းရင်းသားကျေးရွာများမှာသစ်တောဧရိယာတွေ ထိန်းသိမ်းခြင်း၊ သစ်တောများတိုးချဲ့ခြင်းနဲ့ ကျေးရွာများဦးဆောင်သော ရာသီဥတုလိုက်လျောညီထွေရေး လုပ်ဆောင်ချက်များမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရာတွင် ပံ့ပိုးနိုင်မှာ ဖြစ်ကြောင်း ကော်သူးလေ ရာသီဥတုဆိုင်ရာ လုပ်ငန်းအစီအစဉ် မိတ်ဆက်ရာမှာဖော်ပြထားပါတယ်။

ကော်သူးလေရာသီဥတုဆိုင်ရာလုပ်ငန်းအစီအစဉ်(K-CAP) ကိုကော်သူးလေဒေသတစ်ခွင်လုံးမှာရာသီဥတုဒဏ် ခံနိုင်မှု စွမ်းရည်နဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ ခိုင်မြဲမှုကို မြှင့်တင်ရန် ရည်ရွယ်၍ (၂) နှစ်ကြာ ပြင်ဆင်ရေးဆွဲထားတာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒီလုပ်ငန်းအစီအစဉ်ကိုဌာနေတိုင်းရင်းသားတို့ရဲ့ရှေးရိုး စဉ်လာ ဓလေ့ထုံးတမ်း အသိပညာများ၊ ကရင်အမျိုးသား အစည်းအရုံး၏ မြေယာ၊ သစ်တောနဲ့ စွမ်းအင်ဆိုင်ရာ လက်ရှိ မူဝါဒများအပေါ် ဆောင်ရွက်မှုများမှ ရရှိတဲ့ အတွေ့အကြုံများ၊ ဒေသခံ/ ဌာနေတိုင်းရင်းသားတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ လက်တွေ့လုပ်ဆောင်နေသော ဆောင်ရွက်ချက်များနဲ့ ပေါင်းစပ်ရေးဆွဲထားတဲ့ အောက်ခြေမှထွက်ပေါ်လာသည့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ် ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလုပ်ငန်းအစီအစဉ်ဟာ မြန်မာနိုင်ငံအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒေသခံ တိုင်းရင်းသား အခြေပြုအဖွဲ့အစည်းမှ ဦးဆောင်ရေးဆွဲထားသော အမျိုးသားအဆင့် Nationally Determined Contribution (NDC) ဖြစ်သကဲ့သို့ ဒေသတွင်းမှာလည်း အလွန်ထူးခြားသောပထမဦးစွာအစပြု အကောင်အထည်ဖော်ဆောင်ရွက်တဲ့လုပ်ဆောင်

ချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းရှိ အခြားဒေသများမှ ဌာနေတိုင်းရင်းသားနဲ့ တိုင်းရင်းသား အုပ်ချုပ်ရေးအဖွဲ့အစည်းများ အတွက် လက်တွေ့အသုံးချနိုင်တဲ့ ဥပမာကောင်း တစ်ခုအဖြစ် စံနမူနာယူစရာလည်း ဖြစ်ကြောင်း KNUက ထုတ်ပြန်ပါတယ်။

ဒါကြောင့်နိုင်ငံတကာ အသိုင်းအဝိုင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ကိုင်နေသော မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရှိအဖွဲ့အစည်းများအားကော်သူးလေရာသီဥတုဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင် ဘက်ညီသော၊ ညီမျှတဲ့ မိတ်ဖက်အဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းလိုကြောင်းဖော်ပြထားပါတယ်။

ကော်သူးလေရာသီဥတုဆိုင်ရာ လုပ်ငန်းအစီအစဉ် အောင်မြင်ဖို့ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု၊ အားလုံး တစ်သားတည်း စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ် မူတည်နေတယ်လို့ အသိပေးပါတယ်။၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ၁ရက်နေ့ စစ်အာဏာသိမ်းမှုမှစ၍ မြန်မာစစ်တပ်ဟာ ကရင်အရပ်သားတွေနဲ့ အခြေခံအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားတိုက်ခိုက်မှုတွေ ထပ်ခါတလဲလဲပြုလုပ်ခဲ့ရာ ၂၀၂၄ စက်တင်ဘာအထိ ကရင်ဒေသမှာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ (IDP) တစ်သန်း ကျော်ရှိခဲ့ဟု အသိပေးပါတယ်။

အဲဒီအခြေအနေများအောက်မှာရာသီဥတုပြောင်းလဲမှုဆိုင်ရာ လိုက်လျောညီထွေဖြစ်စေရေးနဲ့ လျှော့ချရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများရှိပေမယ့် KNU၊ ကရင်အရပ်ဘက်လူမှု အဖွဲ့အစည်းများနဲ့ ကျေးရွာများဟာ အခု မိတ်ဆက်လိုက်တဲ့ ရာသီဥတုလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ကတိကဝတ် ပြုထားကြောင်း အသိပေးပါတယ်။

K-CAPကိုအကောင်အထည်ဖော်ရာမှာ အောင်မြင်တဲ့အကောင်အထည်ဖော် ဆောင်ရွက်မှုဖြစ်စေဖို့ ရာသီဥတုဆိုင်ရာ ရန်ပုံငွေကို လက်လှမ်းမီနိုင်ခြင်းက အရေးအကြီးဆုံး ဒေါက်တိုင်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

“မြန်မာ့နိုင်ငံရေးအကျပ်အတည်းဆက်လက်ဖြစ်ပေါ်နေသော်ငြားလဲ ကေအဲန်ယူအနေဖြင့် ထိရောက်သော ရာသီဥတုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရန် ယတိပြတ် ဆုံးဖြတ်ထားသည်။ ထိုဦးတည်ချက်များအတိုင်း ဖြစ်စေရန်အတွက် ကေအဲန်ယူနယ်မြေအတွင်းရှိ အရင်းအမြစ်များနှင့်အတူ၊ နိုင်ငံတကာမှ ရာသီဥတုဆိုင်ရာ ရန်ပုံငွေကို အဓိက မှီတည်မည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ/ ရာသီဥတုဆိုင်ရာ ရန်ပုံငွေနှင့် ပေါင်းစပ်သုံးစွဲလိုပါသည်” လို့ K-CAP မှာဖော်ပြထားပါတယ်။

ဖွံ့ဖြိုးမှု အနှေးကွေးဆုံးသော တိုင်းပြည်တစ်ခုဖြစ်တဲ့ အားလျော်စွာ ကော်သူးလေအနေနဲ့ ရာသီဥတုဆိုင်ရာ ရန်ပုံငွေကို လက်လှမ်းမီနိုင်ဖို့ INGO များ၊ NGO များနဲ့ CSO များ အပါအဝင် နှစ်ဖက် သဘောတူ လုပ်ဆောင်တဲ့ အလှူရှင်များ၊ နိုင်ငံတကာမှ မိတ်ဖက်များနဲ့ ၊ ပရဟိတအဖွဲ့အစည်းများရဲ့ ပံ့ပိုးကူညီမှုကို မရယူပဲ မဖြစ်နိုင်ဟုလည်း အသိပေးထားပါတယ်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကြား ပါရီဘုံသဘောတူညီချက်ပါ ရာသီဥတုဆိုင်ရာ ဦးတည်ချက်များ အောင်မြင်နိုင်ရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်နေသည့် ရာသီဥတုဆိုင်ရာ ရန်ပုံငွေကို ပွင့်လင်းမြင်သာစွာ လက်လှမ်းမီ ရရှိနိုင်ဖို့ ကဏ္ဍာအလိုက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတွေနဲ့ အကျိုးသက်ဆိုင်သူများအား လိုအပ်တဲ့ အကူအညီအားလုံးကို KNUက ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ